Quantcast
Channel: Yati Magazine
Viewing all articles
Browse latest Browse all 1097

မလှသော အမှတ်တရ

$
0
0

သည်တိုက်ခန်းလေးအတွင်း သို့ သော့ဖွင့်၍ဝင်လိုက်ပြီးသည်နှင့် ပထမဦးဆုံးလုပ်ရသည့်အလုပ်က ခပ်မြင့်မြင့်စားပွဲလေးတစ်လုံးပေါ်မှ လယ်ဂျာစာအုပ်ရှည်ကြီး၏ စာရွက် များကို လှန်ရခြင်းဖြစ်သည်။ ထိုစာအုပ်ထဲ၌ အမြဲလိုလိုပင် တစ်ခုမဟုတ်တစ်ခုသော မေးခွန်း (သို့မဟုတ်) ခေါင်းစဉ်သစ်များက ရက်စွဲများအလိုက်ရှိနေ တတ် သည်။ ခေါင်း စဉ်ဟောင်းတစ်ခုချင်းစီ၏ အောက်တွင်လည်း ထိုခေါင်းစဉ် အပေါ်၌ ရှိနေသည့် လူ ၃ ယောက်၏ အယူအဆ (သို့မဟုတ်) အဖြေများအား ချရေးထားသည့် စာ တန်း လေး များက သူ့နေရာနှင့်သူ သီးခြား စီရှိနေသည်။ ထိုစာအုပ်ရှည်ကြီးအား ဖွင့်ကြည့်မည်ဆိုလျှင် မတူညီသည့် တံခါးပေါက်များအား တွေ့နိုင်ပါသည်။

အသားကျနေသည့် စာအုပ်က လှန်လျှင်လှန်ချင်းတစ်နေ့ကရက်စွဲနှင့်ရှိနေသော စာမျက်နှာသို့ အရင်ရောက်သွား၏။ ထိပ်ဆုံးမှ ခေါင်းစဉ်နေရာ၌ ‘လိုအပ်မှုတစ်ခု’ ဟုရေး ထား၏။

”တစ်သမတ်တည်း မကြိုက် တတ်တဲ့ ငါ့အတွက် အသစ်၊ အသစ် တွေတော့လိုတယ်”ဟု တွေ့ရပြီး …C  ကတော့
”ကြိုးတစ်ချောင်း”ဟုဆို၏။
A ဟူသော …ကျွန်မ၏ နေရာတွင်တော့…
”မလိုအပ်မိဖို့” ဟု ကျွန်မဖြည့် ထားသည်။
ကျွန်မတို့၏ အဖြေများသည် ကျွန်မတို့ပင် ဖြစ်သည်။

ကျွန်မတို့သူငယ်ချင်းမိန်းက လေး ၃ ယောက်ထဲတွင် C သည် စိတ်ကူးအယဉ်ဆုံးနှင့် ကလေးအဆန်တတ်ဆုံးပင်။ သည်ထုံးစံ လေးအားလည်း C မှပင် ပြု လုပ်ခဲ့ ခြင်းဖြစ် သည်။ ကျွန်မတို့ အားလုံးမှာလည်း ဆယ်ကျော်သက်အရွယ်များ မဟုတ်ကြပါ။ သို့သော်လည်း C ၏အလိုကို ကျွန်မတို့ လိုက်ကြပါသည်။ ထို့ကြောင့်လည်း လယ်ဂျာ စာ အုပ်ကြီး တစ်ဝက်ကျိုးလာခဲ့ခြင်း ဖြစ်သည်။ မေးခွန်းနှင့် ခေါင်းစဉ်အများစုအားလည်း C တစ်ယောက်ကသာလျှင် ဒိုင်ခံ၍ ရေးတတ်သည်။ ရံဖန်ရံခါတွင်တော့လည်း b က မေးခွန်းများ ဝင်ရေးတတ်သည်။

ကျွန်မကတော့ ရေးလိုစိတ်မရှိပါ။ သူငယ်ချင်းများ၏ အလိုကိုလိုက်ရုံသက်သက်သာ မေးခွန်းများအား ကျွန်မဖြည့်ပါသည်။သည်အခန်းလေးမှာ ကျွန်မတို့ သူငယ်ချင်း ၃ ယောက်၏ သီးခြားနေရာလေးတစ်ခုဖြစ်သည်။ Project  တစ်ခုခုရှိလာခဲ့လျှင် ကျွန်မတို့အားလုံး စုဝေးလုပ်ဆောင်ကြရာ အလုပ်ခန်းလေးဖြစ်သည်။ အလုပ်လုပ်ရန် အတွက် ကိုယ်စီကိုယ်စီ အိမ်မှယူလာကြသော ကွန်ပျူတာ ၂ လုံးနှင့် Lap Top ၁ လုံး ရှိသည်။ ၃ ယောက်စလုံးတွင်လည်း တိုက် ခန်းသော့တစ်ချောင်းစီ ရှိကြသည်။ အလုပ်ခန်းဟု ဆိုသော်လည်း အိမ်ခန်းတစ်ခုနှင့်လည်း မခြားလှပါ။ စားစရာ၊ သောက်စရာများနှင့် ပစ္စည်း၊ ပစ္စယများလည်း အစုံ အလင်ပင်ရှိသည်။ လိုလျှင် လိုသလို တစ်ေ ယာက်တစ်လှည့်ဝယ် ထည့်နေ ကျလည်း ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်သိပ်များသော နေ့မျိုးဆို လျှင် သည်အခန်းလေး၌ပင်

ညအိပ်ကြရသည်များလည်း ရှိတတ်သည်။ သည်နေ့တော့ အစောဆုံးရောက်သူမှာ ကျွန်မပင် ဖြစ်မည်။ စာအုပ်၏ နောက်ဆုံးစာမျက် နှာသို့ လှန်လိုက်သည့်အခါ၌ ….

”  Say…something….” ဟူ သောစာတန်းအား တွေ့ရ၏။

အောက်မှာတော့ မည်သူမှ ဖြည့်ထားခြင်းမရှိသေးပါ။ စာတန်းလေးကိုတော့ မနေ့က နောက်ဆုံးမှ ပြန်သည့် C မှ ရေးသွားခဲ့ခြင်းဖြစ် မည်။ ထိုစာတန်းအားရေးသူ C ကိုယ်တိုင်ပင် ဖြည့်ထားခြင်းမတွေ့ရသေးပါ။ ထွေထွေထူးထူးစဉ်းစားမနေဘဲ တာဝန်အရ ကျွန်မဖြည့်ရမည့်နေရာ၌…

”  Nothing …  ” ဟုရေးလိုက်သည်။  တကယ်လည်း ကျွန်မမှာ ပြော ချင်တာမရှိပါ။ ပြီးနောက် စာအုပ်အားပိတ်လိုက်သည်။
ထိုခဏမှာပင်ဖြစ်သည်။နှစ်ယောက်သား ဘယ်နေရာ၌ တွေ့လာကြသည်မသိ။ အတူတကွ ဝရုန်းသုန်းကားနှင့် အော်ဟစ်ဝင်လာကြသည်။
ထို့နောက်တော့ လယ်ဂျာစာ အုပ်ကြီးရှေ့၌ ဘောလ်ပင်လုကြပါ သည်။
စာအုပ်ကြီးအနားမှခွာ၍ ကျွန်မအနားသို့ ရောက်လာကြသည့် အချိန်မှာတော့ သူမတို့နှစ်ယောက်ထဲမှသည်နေ့အဖို့ ထူးခြားနေသည့်  B ကို သတိထားမိသွားသည်။
”နေစမ်းပါဦး နင်က အိတ်ကြီးတကားကားနဲ့ ဘာဖြစ်လာတာလဲ”
ကျွန်မအမေးကြောင့်…ဖြေချင်လွန်းလှသော်လည်း မမေးသေးသည့်အတွက် အမေးစောင့်နေသည့် ကလေးတစ်ယောက်၏ ကျေနပ်နှစ်သက်မှုမျိုးနှင့် သူမပြုံးသည်။
သေချာသည်။ B တစ်ယောက် တစ်ခုခုတော့ လုပ်လာပြီ။
”နင်တို့ကို ကြွားစရာရှိလို့ဟ”

ပြောပြောဆိုဆိုနှင့် သူမလွယ်လာသည့် အိတ်ကြီးအားဖွင့်သည်။ အထဲမှာတော့ ချစ်စရာခပ်သေးသေး Note Book  လေးတစ်လုံး။ ဘာလဲဟူသည့်အဓိပ္ပာယ်နှင့် C က Bကို ကြည့်သည်။

‘J  ကိုကြီးက ငါ့အတွက် ပို့လိုက်တာ”
ကျေနပ်စွာ၊ ဝင့်ကြွားစွာနှင့် B ကဆိုသည်။
B စကားအဆုံးတွင် C မျက်လုံးများအတွင်း၌ နှစ်သက်အားကျမှု အရောင်များ ဖြတ်ပြေးသွား၏။
”သြော်” ဟုသာ ကျွန်မ ရေရွတ်လိုက်ပါသည်။
C ကတော့ B ၏ Note Book လေးအား စိတ်ဝင်တစားနှင့် ဖွင့်ကြည့်လို့နေပြီဖြစ်သည်။
သူငယ်ချင်းများ၏  Personal  များအတွင်းသို့ ထဲထဲဝင်ဝင် ကျွန်မဝင်ရောက်စွက်ဖက်တတ်ခြင်းမရှိပါ။
B နှင့် C အကြောင်းကိုတော့ အတော်လေးကို ကျွန်မသိပါသည်။
B ပြောသည့် ” J ကိုကြီး” ဆိုသူမှာ Online  ပေါ်မှ သူမ၏ တစ်ဦးတစ်ယောက် ဖြစ်သည်။
B ရော C ပါ Internet နှင့် Chatting အပေါ်၌ နှစ်သက်စွာ စိတ်ဝင်စားတတ်သူများ ဖြစ်သည်။

Online  နှင့်ပတ်သက်၍ လက်ရှိကာလတစ်ခု၌ C သည် တစ်စုံတစ်ဦးအပေါ်၌ အသည်းအသန်ရူးသွပ်နေသလို၊B ကတော့ တစ်ဦးတစ်ယောက်ပေါင်း များ စွာ နှင့် မွေ့ေ လျာ်နေသူ ဖြစ်သည်။ ထို့ကြောင့်လည်း B ထံ၌ ” J ကိုကြီး”၊ ‘S မောင်လေး”၊ ”R သူငယ်ချင်း” အစရှိသည်ဖြင့် နေရာဒေသ၊ နိုင်ငံများ၏ Initial  များနှင့်အ မည် နာမပေါင်း များစွာ ရှိသည်။ ထိုသူများနှင့် ပတ်သက်သည့် လက်ဆောင်ပစ္စည်းလေးများ ရောက်လာတတ်လျှင်လည်း B က ကျွန်မတို့အား ကြွားနေကျဖြစ်သည်။C သည်လည်း B နှင့် ပတ်သက်လာလျှင် အမြဲတစေအားကျ နေတတ်သူဖြစ်သည်။ ယခုအခါ၌လည်း Note Book လေးတစ်လုံး ဖြစ်နေသည်မို့ ပို၍လည်း အားကျ နေနိုင်ကောင်းပါသည်။

လယ်ဂျာစာအုပ်ရှည်ကြီး အတွင်း၌ရက်စွဲဟောင်းတစ်ခုနှင့်
”Online is ” ဟူသည့် မေးခွန်း တစ်ခုပါခဲ့ဖူးသည်။
ထိုမေးခွန်းနှင့် ပတ်သက်၍ B က …
”အပျင်းပြေပျော်စရာတစ်ခု ”ဟု ဖြေခဲ့သလို…
C ကတော့…
”သူနှင့်ပတ်သက်၍ ရူးသွပ်ရမှု” ဟု ဆို၏။
ကျွန်မကရော။
ကျွန်မကတော့…
”Online is … ဟူသော မေးခွန်းအတွက်…
”Online is  ” ဟူသည့် စကားလုံး တစ်လုံးသာ ဖြည့်ဖြစ်ခဲ့သည်။ သည့်ထက်ပိုသည့် သတ်မှတ်ချက်မျိုးလည်း ကျွန်မထံ၌ ရှိမနေခဲ့။ သူများ၏ ယူဆချက်ကိုလည် ဝင်မစွက် ဖက်ခဲ့ပါ…

Online is  ပေါ်၌ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ယုံကြည်နိုင်မှုဆိုသည်မှာ ရှိရောရှိနိုင်ပါသည်လား။ တစ်ချိန်က B နှင့် C  အား ကျွန်မမေးခဲ့ ဖူးသော မေး ခွန်းဖြစ်၏။ ထိုမေးခွန်းအတွက် B ဘက်မှ နှုတ်ဆိတ်နေခဲ့သော်လည်း C ကတော့ ပြန်ဖြေခဲ့သည်။

”သူ့အပေါ် ကိုယ်ယုံစရာမလိုသလို၊ ကိုယ့်အပေါ်လည်း သူယုံစရာမလိုပါဘူး၊ ၂ ယောက်ကြားမှာ အပျင်းပြေ Link  တစ်ခုရှိနေဖို့ပဲလိုတာ”ဟု ဆို၏။
ယုံကြည်မှုမပါဝင်သော အရာတစ်ခုအပေါ်၌ ဘာကြောင့်များ အချိန်အများကြီး ပေးနေရပါသည်လဲ။
နိုင်ငံရပ်ခြားသို့ ရောက်နေသူ အချို့အတွက်ကတော့ Online  နှင့် Chatting  သည် အပျင်းပြေ စိတ်ဖြေစရာ ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။
ကျွန်မတို့ အတွက်ကရော…။အရာအားလုံးမှာ အတိုင်း အတာ တစ်ခုလောက်ထိ သာ ကောင်းပါသည်။
သို့သော်လည်း သူ့ခံယူချက်နှင့်သူ၊ ကိုယ့်ရပ်တည်မှုနှင့်ကိုယ်မို့ နှုတ်ကထွက်၍တော့ ကျွန်မဘာ စကားမှမဆိုဖြစ်ခဲ့။ ပြောစရာ စကားလည်းမရှိခဲ့ပါ။
သူမတို့ အားလုံးအတွက် အရာအားလုံးအဆင်ပြေနိုင်လျှင် တော့လည်း ကောင်းပါသည်။

သည်နေ့တော့ ကျွန်မက နောက်ဆုံးမှရောက်သူဖြစ်သည်။ ကျွန်မရောက်တော့ B ရော C ပါ သူမတို့၏ Computer များရှေ့၌ အသီးသီးရှိနေကြသည်။
လယ်ဂျာစာအုပ်ကိုလှန်တော့ …”မကွယ်မဝှက်တမ်း” ဟူသည့် စာတန်းအားတွေ့ရ၏။
ကျွန်မတို့၏ ထုံးစံအားအပြင် လူတစ်ဦးတစ်ယောက်သာသိလျှင် လှောင်ပြုံး ပြုံးကောင်းပြုံးနိုင်ပါ သည်။
မည်သို့ပင်ဖြစ်စေ တာဝန်အရ ကျွန်မဖြည့်ရမည်ပဲ။
B ရော C ပါဖြည့်ထားနှင့်ပြီမို့ သူမတို့၏ စာတန်းများအား အရင်ဆုံး ကျွန်မဖတ်ကြည့်လိုက်သည်။
B က… ”လူတစ်ယောက်၊ သူက ငါ့ အတွက် အမှတ်တမဲ့ကနေ အမှတ်တရဖြစ်လာပြီ”ဟုဆို၍ C ကတော့ …
”သေချာပါတယ် သူပဲ”ဟု ဆိုသည်။
B ၏ အဖြေမှာ အတန်ငယ်တော့ ထူးခြားနေပါသည်။ အမှတ်တရဖြစ်လာပြီဟု ဆိုသည်ပဲ။
မကွယ်မဝှက်တမ်းဆိုတော့လည်း ကျွန်မ၏နေရာ၌ Writing Paper တစ်ခုအတွင်းမှ စာစုတစ်ခုအား ချရေးလိုက်သည်။

” A little remembrance
Especially to say,
You’re being remembered
Especially today. ”

ကျွန်မကိုမြင်သွားချိန်မှာတော့ နှစ်ယောက်သား ပြေးလာကြသည်။ သေချာပါသည်။ ကျွန်မ၏ လက်တွင်းမှ ဖရဲသီးမျက်နှာကြောင့် ဖြစ်သည်။

”နင့်ကို မျှော်နေတာဟ၊ ငါတို့ ပြောစရာရှိလို့”
ကျွန်မ၏ လက်ထဲမှ ဖရဲသီးအားလှမ်းယူလိုက်ရင်း B က ဆိုသည်။
မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပင်။

C ကတော့ မီးဖိုခန်းအတွင်းသို့ဝင်၍ ဓားတစ်ချောင်းအား အပြေးမလွှားနှင့်ရေသွားဆေးသည်။ အတော်လေးကို မစားချင်ရှာဘူး ထင်သည်။ထို့နောက်ေ တာ့ ရေဆေး လာ သည့်ဓားအား ကျွန်မလက်တွင်းသို့ လာ၍ထည့်သည်။

”ဒီနှစ်ဒီဇင်ဘာမှာ ငါတို့ ၃ ယောက်ကျိုက်ထီးရိုးတက်ကြရအောင်ဟာ၊ အခုပဲ ငါတို့ ၂ ယောက် ဒီအကြောင်းပြောနေကြတာဟ”
ကျွန်မ၏ရှေ့သို့ ပန်းကန်ပြားအလွတ်လာချပေးရင်းနှင့် B ကဆိုသည်။
သွားကြမည်ဆိုတော့လည်း သွားရုံသာရှိပါသည်။
အရေးကြီးသည်က ကျွန်မတို့  ၃ ယောက်၌ ကြီးကြီးမားမား အလုပ်များရှိမနေဖို့ပင်။
”ခရီးသွားဖြစ်ရင် ငါတို့ရဲ့လယ်ဂျာစာအုပ်ကြီးကိုလည်း သယ်သွားရမယ်”
C မှာလည်း စိတ္တဇပင်။
”အဲဒီလက်တွေက မလာနဲ့ဦးလေ၊ သွား…နင်တို့နှစ်ယောက်လုံး လက်သွားဆေးဦး”
ဖရဲသီးပန်းကန်အား လှမ်းဆွဲယူလိုက်ရင်းက ပြောလိုက်သည့် ကျွန်မစကားကြောင့် လှမ်းနေသည့်လက်များ တွန့်သွားကြသည်။
”နင်ကလည်းဟာ မပေပါဘူးဟ”
ရှုံ့မဲ့မဲ့နှင့် B ကဆိုသည်။
”အေးလေ” ဟု C ကလည်း အထွန့်တက်ရင်း ထောက်ခံသည်။
”ဘာမပေရမှာလဲ၊ ဖုန်တသော သောတက်နေတဲ့ Keyboard တွေ ကို ဘယ်တော့မှမသုတ်ဘဲ ကိုင်နေကြတဲ့သူတွေကများ၊ မရဘူးသွားဆေး”
ကျွန်မ အပြောကြောင့် C က ရှေ့တိုးလာရင်း…
”နင်က ဘာလဲဟာ၊ စားချင်တဲ့သူက ဒီလောက်အောက်ကျနောက်ကျခံပြီး တောင်းစားနေတဲ့ဟာကိုတောင်မှ မကျွေးချင်ဘူး၊ နင်မရှက်ဘူးလား”
သူမ အပြောကြောင့် ကျွန်မ ရီ(ရယ်) လိုက်မိသည်။
ဖြစ်မှဖြစ်ရလေခြင်း။
ကျွေးရမည့်ကျွန်မကပင် အရှက်မရှိသူ ဖြစ်ရသေးသည်။
ခါးထောက်၍ ကြည့်နေသည့် B ကတော့…

”ဘာလဲ နင်က ငါဒီအတိုင်းငြိမ် နေလို့ အကောင်းမှတ်နေလား” ဟု ဆိုသည်။ ရီ(ရယ်)ချင်စိတ်နှင့် ကျွန်မ ပြုံးလိုက်မိသည်။
”သြော်…နင်က အကောင်းမဟုတ်ဘူးလား၊ ဒါဆို မကောင်းဘူးပေါ့၊ မသိပါဘူး ငါက နင့်ကို အကောင်းမှတ်လို့”
ကျွန်မ စကားအဆုံးတွင်တော့ B တစ်ယောက် ဆွေ့ဆွေ့ခုန် ဒေါသထွက်ရင်း ကျွန်မအား လိုက်ရိုက်တော့သည်။ ကျွန်မတို့ ၂ ယောက် အားကြည့်၍ C က တဟား

ဟားရယ်သည်။ ထိုအချိန်ထိတော့ ကျွန်မတို့ အားလုံးအဆင်ပြေ ပျော်ရွှင်နေကြပါသည်။

ရုံး၌ အလုပ်လုပ်နေစဉ်အတွင်းမှာပင် Notifier မှ Mail Alert တက်လာ၍ ကြည့်လိုက်မိတော့ C ထံမှ ဖြစ်နေသည်။ ကျွန်မတို့ချင်းမတွေ့ဖြစ်ရှာဘူးဆိုတော့ သူမကတကူး တကနှင့် Mail ပို့သည်ပဲ။ တစ်စုံတစ်ရာ နောက်ပြောင်ခြင်းဖြစ်မည်ဟု ကျွန်မယူဆလိုက်သည်။မဟုတ်ပါ။ Mail ဖတ်ကြည့်မှပင် သိလိုက်ရသည်။ ကျွန်မအား Online သို့ လာရန် ခေါ်ခြင်းဖြစ်သည်။ဘာများဖြစ်ပြန်ပါသည်လဲ။

(ထိုကာလတွေသည် ယနေ့လို ဖုန်းများအား ဖောဖောသီသီကိုင်နိုင်သည့် အချိန်မျိုးမဟုတ်သလို၊ လက်ကိုင်ဖုန်းများနှင့်လည်း Internet  အသုံးစွဲခွင့်မရသေး၊ နိုင်ငံခြား သိုတိုက်ရိုက်ဖုန်းခေါ်ဆို၍ရသည့် တယ်လီဖုန်းဆော့ဝဲလ်များလည်း မရှိသေးပါ။)

”သူနဲ့စကားမပြောဖြစ်တာ အတော်ကြာပြီဟာ၊ အရင်တစ်ခါတုန်းကတော့ Internet  မရလို့လို့ ပြောတာပဲ၊ အခုလည်း သူ့ကွန်ပျူတာပျက်နေလို့တဲ့ဟာ၊ ခုတလောအကြောင်းပြချက်တွေ အရမ်းများတာပဲ’ အင်း…

ကျွန်မမှာပြောစရာစကားမရှိပါ။ ကျွန်မမတတ်နိုင်သောကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမပြောသမျှကိုသာ နားထောင် ပေးဖြစ်ခဲ့သည်။ထိုရက်ပိုင်းတွေအတွင်း၌ C ၏ မျက်နှာမကြည်သာလှသော်လည်း ကျွန်မတို့အားလုံးအဆင်ပြေကြပါသည်။ အရင်လို နောက်နောက်ပြောင်ပြောင် ရယ်ရယ်မေမောနှင့်ပင်ရှိကြသည်။ လယ်ဂျာ စာအုပ်အတွင်း၌ ထူး ဆန်းသည့် မေးခွန်းတစ်ခုရောက် မလာသေးခင်အချိန်ထိ ဖြစ်သည်။ထိုအချိန်ထိပင် ဖြစ်သည်။

ထိုနေ့က လယ်ဂျာစာအုပ်အတွင်း၌ ထူးဆန်းသည့် မေးခွန်းသစ်တစ်ခု ရှိနေခဲ့သည်။
”စံပယ်ရေ သူငယ်ချင်း… သီချင်းအပေါ်၌ရှိသော အယူအဆ” ဟူ၍ ဖြစ်သည်။
လက်ရေးကတော့ ထုံးစံအတိုင်း C ၏လက်ရေးပင်။

မရေမတွက်နိုင်သည့် မေးခွန်းပေါင်းများစွာ၊ ခေါင်းစဉ်ပေါင်းများစွာတို့အနက် ကျွန်မအဖြေရအခက်ခဲ့ဆုံးသော မေးခွန်းတစ်ခု ဖြစ်ခဲ့၏။ ပထမဦးဆုံးအကြိမ်အဖြစမည်သူမှဖြေဆိုခြင်းမရှိခဲ့သော မေးခွန်းတစ်ခုလည်း ဖြစ်ခဲ့၏။

ထိုနေ့မှစ၍ B နှင့် C  တို့မှာ တစ်ယောက်နှင့်တစ်ယောက် ဟက်ဟက်ပက်ပက် စကားပြောဆို ခြင်းမရှိတော့ပါ။ ထိုသို့သောဖြစ်ရပ်မျိုးမှာ မဆန်းကြယ်လှသော်လည်း သူမ တို့ ၂ ယောက်ကြား၌ ဖြစ်လာခဲ့သည်ကတော့…

အကြောင်းရင်းကတော့ Online  ပေါ်မှ C ၏ ရူးသွပ်မှုသည B  ၏ အမှတ်တမဲ့မှ အမှတ်တရဖြစ်လာပြီဟုဆိုခဲ့သူ ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ကြားဖူးနေကျအကြောင်း အရာများထဲကအတိုင်းပင် သူမတို့ နှစ်ယောက်လည်း သူငယ်ချင်းသူစိမ်းများဖြစ်သွားခဲ့ကြသည်။ စိတ်မောစွာနှင့်စိတ်ပျက်ရပါသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ မဟုတ်ဘဲ ဖြစ်ပေါ်လာသည့် အခြေအနေကိုသာ ဖြစ်သည်။ ထိုရက်များအတွင်း၌ပင် ကျွန်မသည်လည်း မန္တလေးသို့ ၃ ရက်ခရီး သွားဖြစ် ခဲ့သည်။ အလုပ်ကိစ္စအတွက်ကြောင့်သာသွားရခြင်း ဖြစ်သော်လည်း စိတ်ကတော့ မဖြောင့်လှပါ။ပြန်ရောက်ရောက်ချင်း ခဏပင်မနားနိုင်အားပဲ ကျွန်မတို့ ၏ စုဝေးရာ တိုက်ခန်းလေးဆီသို့ ပြေးရသည်။ ဟိုသို့ရောက်တော့ ရက်ပိုင်းလေးအတွင်း၌  အတော်များများအပြောင်းအလဲဖြစ်ခဲ့ပြီဆိုသည်ကို ကျွန်မအတပ်သိ လိုက်ရ သည်။ ကျွန် မ ရောက်သွားချိန်၌ C က လူတစ်ယောက်နှင့်အတူ သူမ၏ ကွန်ပျူတာအားသယ်ဖို့ရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။ ကျွန်မကို မြင်တော့…

”သူ ငါ့ကို အဆက်အသွယ် ဖြတ်လိုက်ပြီ၊ သူတကယ်ချစ်တဲ့သူ ရှိနေပြီတဲ့လေ၊ ဘယ်သူလဲဆိုတာတော့ နင့်ကို အထွေအထူးပြောပြဖို့ မလိုတော့ဘူးထင်တယ်”
ပြောရင်းက မဲ့ပြုံးလေးပြုံးရင်း C တစ်ယောက် မျက်နှာလွှဲသွားခဲ့သည်။
”အောက်မှာကားပါလာတယ်၊ ငါ့ကွန်ပျူတာပြန်သယ်တော့မလို့” ဟုဆိုသည်။
B အလုပ်လုပ်နေကျနေရာ၌လည်း ဗလာဟင်းလင်း ဖြစ်နှင့်နေသည်ကို တွေ့ရ၏။
ကျွန်မအမောဆို့သွားရသည်။
ရပ်နေသည့် နေရာ၌ပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
ဘာများပြောရန် လိုသေးသည်လဲ။
C ကတော့ ”နောက်မှ တွေ့ကြတာပေါ့ဟာ” ဟုဆိုရင်း ထွက်သွားခဲ့သည်။
အခန်းထဲမှာတော့ ကျွန်မ တစ်ယောက်တည်း။
နောက်ဆုံးတော့ တစ်ယောက်တည်းဖြစ်ခဲ့သည်။

အချိန်အတန်ကြာထိုင်နေမိရင်းကနေ ခဏနေတော့ Lap Top  လေးအားကြိုးများဖြုတ်၍ အိတ်တစ်လုံးအတွင်းသို့ ထည့်ရသည်။ ထို့နောက်တော့ ထိုအိတ်လေး အား သိုင်း၍လွယ်လိုက်သည်။

ခဏတော့ရပ်၍ အခန်းလေးအား ဝေ့၍ ကြည့်လိုက်မိသေးသည်။
စားပွဲလေးပေါ်၌တော့ လယ်ဂျာစာအုပ်ရှည်ကြီးကသည်အတိုင်း။
ထိုနေရာသို့ လျှောက်သွားလိုက်ရင်းက စာအုပ်ကြီးအားလှန် ဖြစ်လိုက်သည်။
နောက်ဆုံးစာမျက်နှာ၌ မည်သူမှဖြေထားခြင်းမရှိသေးသော နောက်ထပ်(နောက်ဆုံးသော)မေးခွန်းသစ်တစ်ခုအားတွေ့ရ၏။
”ချစ်ခြင်းနှင့် မုန်းခြင်းအကြားကွာဟမှု”ဟုဆိုသည်။
လက်ရေးက B ၏လက်ရေး။
မည်သူမှ ဖြေထားခြင်းလည်း မတွေ့ရပါ။
ဘောလ်ပင်လေးအား နောက်ဆုံးအနေနှင့် ကျွန်မ ကောက်ကိုင်လိုက်ရင်းက…
”သတ်မှတ်ချက်” ဟု ရေးထည့်လိုက်ပြီးနောက် စာအုပ်ကြီးအား ပိတ်လိုက်သည်။
ထို့နောက်တော့ အခန်းပြင်သို့ ထွက်လိုက်ရင်း ထိုအခန်းလေးအားလည်း သော့ခတ်၍ ပိတ်လိုက်သည်… ပိတ်ဖြစ်ခဲ့ပါသည်…။    ။

ရွှေသင်


Viewing all articles
Browse latest Browse all 1097

Trending Articles