၁။
လူတိုင်းနီးပါးတွင် အမှတ်တရ တစ်ခုလောက်စီတော့ အနည်းဆုံးရှိကြမည်ဟု ထင်ပါသည်။ ထိုအမှတ်တရအဖြစ်လေးသည် ပြန်တွေးမိသည့်အချိန်တိုင်းတွင် လတ်ဆတ် အသက်ဝင်နေတတ်ခဲ့ လေသည်။ ထို့ကြောင့်ပင်လျှင် သူမသည် ထိုစာလေးတစ်စောင် အား နှစ်ပရိစ္ဆေဒများစွာ ကြာမြင့် သည့်တိုင်အောင် သိမ်းဆည်းထား ခဲ့မိပါသည်။
၂။
သို့
မြင်ခွင့်မရသည်မှာ ကြာမြင့်နေ ပြီဖြစ်သော လက်ရေးရှည်မျောမျော လေးအား သူမလွမ်းဆွတ်စွာပင် ငေးကြည့်နေမိသည်မှာ အချိန်အကြာကြီးပင်။အပြာနုရောင် စာရွ က်လေးတွင် သင်းပျံ့ပျံ့မွှေးမြနေသော ရနံ့သည် သူမအတွက် ရင်းနှီးနေကျ ရနံ့လေးသာ ဖြစ်လေသည်။ တယုတယကိုင်ထားသည့် စာရွက်လေးအား သူမ ဖွဖွညင် သာ နမ်းရှိုက်မိသည်။ ရေမွှေးရနံ့သဲ့သဲ့သည် သူမ အား အတိတ်လွင်ပြင်ဆီသို့ ခရီး ထွက်ရန် ဖိတ်ခေါ်နေသည်ဟုပင် သူမ ထင်မိသည်။ သက်ပြင်းတစ်ချက် အား ညင် သာစွာ ချ မိရင်း စာကို ဆက်ဖတ်မိသည်။
”မင်း နေကောင်းမယ်လို့ ကိုယ် မျှော်လင့်ပါတယ် . . . ကိုယ် အဆင်ပြေပြေပဲ ပညာသင်နေပါ တယ်။ အဆင်မပြေတာ တစ်ခုမှ မရှိပါဘူး”
အဖွဲ့အနွဲ့တစ်ခုတလေမှ မပါ ဝင်သော စာကြောင်းလေးများကို ဖတ်ရင်း သူမ ပြုံးမိသည်။ လူတစ်ယောက်ရဲ့ အကျင့်ဆိုတာ ရေမြေဒေသကွဲပြားသွားရုံနှင့်တော့ လွယ် လွယ်လေး ပြောင်းလဲသွားနိုင် ပါ့မလားလေ။ ဘယ်တုန်းကမှ စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ခဲ့ သော လူတစ်ယောက်အကြောင်းကို ပြန်တွေးမိရင်း သူမ တိတ်တဆိတ် ပင် လွမ်းမိသွားခဲ့သည်။
စကားပြောပြီဆိုလျှင် တိုတို ပြတ်ပြတ်၊ အလုပ်လုပ်လျှင်လည်း ဘယ်တော့မှ တွေဝေတတ်ခြင်း မရှိစွာဖြင့် ပြတ်ပြတ်သားသား။ ဆုံးဖြတ်ပြီးပြီဆိုလျှင် လည်း နောက် ပြန် လှည့် မကြည့်တတ်တော့သည့် သူ။ တစ်ခုခုကို ဆုံးဖြတ်တော့မည် ဆိုလျှင်လည်း စိတ်ခံစားချက်ထက် လက်ရှိ အခြေအနေကိုသာ ဦးစား ပေးတတ်လေ သူ။ထိုသို့သော သူ သည် သူမက လွမ်းနေသလို သူမအား လွမ်းနေ လိမ့်မည်ဟု သူမ တပ်အပ်မပြောရဲ သည်မှာ အမှန်။ သို့သော် . . . တစ်ခါတလေလေးမှာတော့ သူမ အား သတိ ရပေး လိမ့်မည်ဟု သူမ ယုံကြည်ချင်ပါသည်။ ယုံလည်း ယုံပါသည်။ သတိရ၍သာလျှင် သူမဆီစာရေးလာသည် မဟုတ်ပါ လား။
”ညနေဘက်မှာကော ဆည်း ဆာချိန်ကို ကြည့်နေတုန်းပဲ မဟုတ် လား”
သတိတရ ထည့်ရေးထားသော စာကြောင်းလေးသည် သူမအား အတိတ်ကိုပို၍ပင် လွမ်းဆွတ်စေ သလိုလိုပင်။ ဆည်းဆာချိန်ကို ကြည့်နေတုန်းပဲလားတဲ့။သူမချစ်သော အရာများထဲ တွင် ဆည်းဆာချိန်သည် ထိပ်ဆုံး တွင် ပါဝင်လေသည်။ နေလုံးကြီးက တောင်တန်းများကြား ဝင်ရောက် ပျောက်ကွယ်တော့မည့် အချိန်လေး ကို ခဏလောက် ပဲဖြစ်ဖြစ် ကြည့်ခွင့် မရလျှင် ထိုတစ်နေ့တာသည် သူမ အတွက် ဟာတာတာ။
ထို့ကြောင့်ပင်လျှင် တစ်ခုသော ထိုဆည်းဆာအချိန်လေးတွင် သူနှင့် ဆုံစည်းခဲ့ရခြင်းသာ ဖြစ်လေသည်။ ထို့အတွက် သူမက ဘုရားသခင်ကို ကျေးဇူးတင်ရပါ သည်။ နေ ဝင်ချိန်၊ နေထွက်ချိန်လေးအား ဖန်ဆင်းပေး တော်မူခဲ့သည့်အတွက် . . .။
”ဆည်းဆာချိန်ကို ကြည့်ရင်းနဲ့ မှောင်မသွားစေနဲ့ဦးနော် . . .။ မမှောင်ခင် အိမ်ရောက်အောင် ပြန် . . .။
အမိန့်ပေးထားသည့် စာလုံး လေးများကို စိုးရိမ်ပူပန်မှု အရိပ်များ အား တွေ့ခွင့်ရသည့်အတွက် သူမ ပျော်ပါသည်။ သူမအတွက် မိုင်ပေါင်းများစွာ ဝေး ကွာနေ သည့် နေ ရာတစ်ခုမှ တစ်ယောက်သော သူက ပူပန်ပေးနေသည်ဟု တွေး လိုက်ရုံလေးနှင့်ပင် ရင်ဘတ်တစ်ခု လုံး နွေးထွေးသော ခံစားမှုသည် အဓိပ္ပာယ်ဖွင့် ဆိုပြရန် ခက် ခဲလွန်း လှပါသည်။တစ်ခါတလေတွင် တောင်တန်း များကြား ပျောက်ကွယ်သွားသည့် နေမင်းကြီးအား ငေးနေရင်းက သူမ ၏ အိမ်ပြန်ချိန်သည် နောက်ကျ တတ်လေသည်။ ဆည်း ဆာချိန်ကို သူမ ငေးကြည့်နေကျနေရာသည် သူမအိမ်နှင့် အနည်းငယ်မျှ အလှမ်း ဝေးသော မြစ်ချောင်းလေးနံဘေးမှာ ဖြစ်သည့်အတွက် ထိုနေရာ သည် မှောင် လာပြီဆိုလျှင် လူပြတ်တတ် လေသည်။
အရင်တုန်းကဆိုလျှင် အမြဲ တမ်းမဟုတ်တောင်မှ ဆည်းဆာချိန် ရောက်တိုင်း သူမဘေးတွင် ရှိနေပေး တတ်သူ ရှိသေးသည်။ အခုချိန်မှာ တော့ အမြဲတမ်း သူမ တစ်ေ ယာက် တည်း။ ထို့အတွက် … သူမ အတွက် ဆည်းဆာချိန်သည် သူ . . . မရှိတော့သော အချိန်မှစ၍ တစ်မျိုးလေး လွမ်းစရာလည်း ကောင်းခဲ့ပါသည်။
”ညနက်တဲ့ထိ စာတွေရေးမနေ နဲ့ဦးနော်၊ စာရေးဆရာမ မဖြစ်ခင် ပါဝါမျက်မှန်အထူကြီး တပ်နေရလိမ့် မယ်”
သူမ ပြုံးလိုက်မိသည်။ စာရေး ခြင်းဟူသည့် သူမ ဝါသနာအား အမြဲတမ်းကဲ့ရဲ့ရှုတ်ချတတ်သော သူသည် အခုထိလည်း ထိုအတိုင်း ပင် ရှိနေဆဲ ဖြစ်ပုံရသည်။ စိတ်ကူး ယဉ် ဆန်လွန်းသော အလုပ်ဟု ဝေဖန်နေကျ စကားလေးများသည် အခုချိန်မှာတော့ လွမ်းဆွတ်စရာ ဖြစ်နေခဲ့ပါသည်။ လက်တွေ့ဆန်ဆန်သာ ဆုံးဖြတ်တတ်သည့် သူ့ အတွ က် သူမသည် စိတ်ကူးယဉ် ဆန်လွန်းသူ ဖြစ်နိုင်ပါသည်။ သူ့အတွက် အနုပညာဟူသော စကားလုံးသည် စိတ်မဝင်စားဆုံးအရာဖြစ်သည့် တိုင်အောင် သူမအတွက်တော့ ထိုစကားလုံးလေးသည် ဘဝအစိတ် အပိုင်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။
ထိုသို့ပြောမိသည့်အချိန်တိုင်း အပြုံးသဲ့သဲ့ဖြင့် သူ ဝေဖန်တတ်သည် မှာ အရူးမဟုပင်။ သို့သော် . . . သူ စိတ်မဝင်စားသည့် အနုပညာ အား သူမအတွက်တော့ သူ စိတ်ဝင် စားပေးတတ်ပါသည်။ ဥပမာအား ဖြင့် သူမ ကြိုက်တတ်သော မဂ္ဂဇင်း များအား သတိတရ ဝယ်လာပေး တတ်တာမျိုး၊ သူမ စာရေးရာတွင် အသုံးပြုသော စာရွက်၊ ဘောပင် များအား အမြဲတမ်း ဝယ်လာပေး တတ်တာမျိုး။
ထိုအရာများသည်လည်း အခုချိန်တွင် သူမအတွက် လွမ်း ဆွတ်စရာများ ဖြစ်နေခဲ့လေသည်။ သူနှင့် ပတ်သက်ပြီး သူမဆီတွင် အလွမ်းများသည် များပြားလွန်း သည်မှာ အ မှန်။ ထိုအကြောင်းများ ကို သူသိလျှင် ဘာပြောလေမလဲ။ အပြုံးသဲ့သဲ့ဖြင့် အရူးမဟုများ သမုတ်လေမလား။
”မိဘတွေနဲ့ အဆင်ပြေအောင် နေရမယ်နော်။ မိဘစကား နားထောင်။ ကိုယ့်စိတ်ကြိုက်တွေပဲ လျှောက်လုပ်မနေနဲ့ဦး”
သူမ မျက်မှောင်တစ်ချက် ကုတ်လိုက်မိသည်။ အခုချိန်ထိ သူမ အား လွမ်းဆွတ်ကြောင်း တစ်ကြောင်းတလေမှ မပါဝင်သေး သော စာသည် နည်းနည်းတော့ စိတ်တို စရာ ကောင်းနေလေပြီ။ သူမကို တကယ်ပဲ နည်းနည်းလေး တောင်မှ မလွမ်းဘူးလား။မိဘတွေနဲ့ အဆင်ပြေအောင် နေရမယ်တဲ့။ သူနှင့်သူမ စတင် တွေ့ခဲ့ကြ သည့် တစ် ခုသောညနေ ခင်း ဆည်းဆာအချိန်လေးတွင် သူမသည် အိမ်နှင့်စိတ်ဆိုးကာ မြစ်ချောင်းလေးဘေးတွင် အတော် လေးမှောင်သည်အထိ မပြန်သေးဘဲ တစ်ယောက်တည်း ထိုင်နေခဲ့လေ သည်။
၃။
ထိုနေ့က ဆည်းဆာချိန်သည် သူမအတွက် သိပ်ပြီးမလှပခဲ့သည် မှာ အမှန်ပင်။ တကယ်တော့ ဆည်းဆာချိန်သည် ပုံမှန်အတိုင်း သာ ဖြစ်သည်။ ပြောင်းလဲနေသော သူမ ၏ စိတ်သည်သာလျှင် နွမ်းညစ် နေခဲ့ခြင်းဖြစ်သည်။အမှောင်စတင် ဝင်ရောက်လာ ပြီဟု အသိစိတ်က သတိပေးနေ သည့်တိုင်အောင် သူမ ထိုင်နေရာမှ မထဖြစ် ဘဲ ပေေ တကာ ဆက်ထိုင် နေခဲ့သည့် ထိုညနေတွင် သူသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမြစ် ချောင်းလေးအနီး ရောက်လာခဲ့ခြင်း ဖြစ်သည်။
”ဘာကူညီပေးရမလဲ”
နေရာတွင် မလှုပ်မယှက် ထိုင်နေသည့် သူမအား အကူအညီ တစ်ခုခု လိုအပ်နေသည်ဟု ထင် သွားခဲ့သည် ထင်ပါသည်။ သူမအနီး ရောက်လာ ကာ မေးလာခဲ့ သည်။ ထိုအချိန်ခဏလေးမှာပင် . . .။ တိတိကျကျပြောရလျှင် သူ့မျက်ဝန်းများနှင့် ဆုံစည်းလိုက်ရ သော ထိုခဏတာအချိန်လေးမှာပင် သူ့ကို သူမ ချစ်မိသွားခဲ့ပါ သည် ။နောက် ပိုင်းတွင် သူကလည်း ဝန်ခံသည်။ ထိုအချိန်လေးမှာပဲ သူလည်း ချစ်မိသွားခဲ့ပါသည်တဲ့။
”ဘဝဆိုတာ ဆန်းကျယ်တယ် ဆိုတာ အခုတော့ ကိုယ် လက်ခံရ တော့မယ်ထင်တယ်။ မင်း ပြောဖူး သလိုပေါ့။ အချိန်ဇယားအတိုင်း ကွက်တိဖြစ် ချင်မှ ဖြစ်မယ် ဆို တာ လေ။ အဲဒါကို ကိုယ်အခု လက်ခံ ရတော့မယ်”
တစ်မျိုးတော့ တစ်မျိုးလေးပဲ ဟု တွေးလိုက်မိသည်။ စာက အရေးအသား ပြောင်းသွားသည်။ သမားရိုးကျကနေ လေးလေးနက် နက် ဖြစ်သွားသလိုပင်။အချိန်ဇယား . . ။ သူ သည် ဘယ်အလုပ်ကိုမဆို အချိန်ဇယား နှင့်သာ အလုပ်လုပ်တတ်သူ ဖြစ်ပါ သည်။ ဒီနေ့မှာ သူမနှင့် တစ်နာရီ စကားထိုင်ပြောမည်ဆိုလျှင် တစ်နာ ရီပြည့်သည်နှင့် ဘယ် လိုခေါင်းစဉ် မျိုးကိုပင် ရောက်နေပါစေ။ ချက်ချင်း ထပြန်တတ်သည့်သူ ဖြစ်ခဲ့လေသည်။
သူ့အချိန်ဇယားတွင် သူမနှင့် တွေ့ရန် အချိန်မရှိသောနေ့ဆိုလျှင် လမ်းမှာ မျက်နှာချင်းဆိုင် တွေ့နေ ရက်နှင့်ပင် ပြုံးရုံလေး ပြုံးပြကာ ထွက်သွားတတ်သူ ဖြစ်သည်။ ထို့အ တွက် သူမစိတ်ဆိုးလျှင်လည်း သူ ဘယ်တော့မှ မချော့တတ်ချေ။ သူ့အချိန်ဇယားအတိုင်းသာ နေ့ရက် များကို ဖြတ်သန်းသူ။ထိုသို့ တိကျတတ်သလိုပင် ရည်ရွယ်ချက် လည်း ကြီးမားသူ ဖြစ်လေသည်။ ကျောင်းပြီးကတည်း က ကွန်ပျူတာဘွဲ့လွန် ဆက်တက်ရန် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေခြင်းကို ဘယ်လိုအကြောင်းမျိုးနှင့်မှ အ တိမ်း စောင်းမခံဘဲ ရအောင် ထွက်သွား ခဲ့လေသည်။ သူမ ငိုပြီးတားခဲ့သည့် တိုင်အောင် ဖြေသိမ့်စကားတစ်ခွန်း မှ မဆိုခဲ့ပါဘဲနှင့် သူမကိုသာ ဟိုကို လိုက် လာပြီး ကျောင်း တက်ရန် ခေါ်ခဲ့သည်။အကယ်၍များ သူမကသာ သူမနှင့် ထိုဘွဲ့လွန်ကို ရွေးပါဟု ဆိုခဲ့မည်ဆိုလျှင် သူမကိုသာ ထားခဲ့ မည်ထင်ပါရဲ့ဟု သူမ နာနာကျင် ကျင် တွေး ခဲ့ဖူးပါသည်။
”သူ့နာမည်က တော်ဝင်သဇင် တဲ့။ ကိုယ်နဲ့ အတန်းဖော်ဆိုပါ တော့။ တကယ်တော့ ကိုယ်တို့ လေယာဉ်ပေါ်မှာကတည်းက ဆုံခဲ့ ကြတာပါ။ ဟိုကိုရောက်တော့လည်း အခန်းချင်းကပ်ရက်။ အတန်းက လည်း အတူတူဆိုတော့ ကိုယ်တို့ ခင်သွားကြတယ်။ နောက်ပြီးတော့ သူနဲ့ကိုယ် စိတ်သဘောထားခြင်း တော်တော်တိုက်ဆိုင်တယ်။ အဲ ဒါ ကြောင့်ပဲ ထင်တယ်။ ကိုယ် သူ့ကို အလေးအနက် ထားခဲ့တာ အမှန် ပါပဲ”
ဘုရားရေ ဒါက ဘယ်လို အသုံးအနှုန်းမျိုးပါလိမ့်။ အလေး အနက်ဆိုပါလား။ သူမစိတ်ထဲ တကယ်ကို လေးလေးလံလံ ဖြစ် သွားရသည်မှာ ချက်ချင်းကြီးပင်။တော်ဝင်သဇင်။ ထိုနာမည် သည် သူမအားလှောင်ပြောင်နေ သလိုပင်။ သူမအား လွမ်းဆွတ် ကြောင်းတစ်ကြောင်းတလေမှ မပါ ဝင်သည့်စာတွင် ထိုနာမည်က အလေးအနက်ဟူသော အသုံး အနှုန်းနှင့်အတူ ဘာကြောင့် ပါလာ ရတာပါလိမ့်။ သူမ ချက်ချင်းပင် စာကို ဆက်ဖတ်မိသည်။
”မင်းနဲ့ ကိုယ်က ချစ်သူတွေ ပေမယ့် ဘယ်တော့မှ စိတ်သဘော ထားခြင်း မတိုက်ဆိုင်ဘူးဆိုတော့ သူနဲ့ကိုယ့်စိတ် သွားတူနေတာ ကိုယ့်အတွက် တကယ့်ကို ထူးထူး ဆန်းဆန်းပါပဲ။ ဘယ်လို ပြောရမှာပဲ။ ရဲဘော်ရဲဘက်တစ်ယောက်နဲ့ တွေ့ ခွင့်ရလိုက်သလိုပဲလို့ ပြောရမယ် ထင်ပါရဲ့”
တစ်ဆင့် ပိုတက်လာသည်။ ရဲဘော်ရဲဘက်ဆိုပါလား။ စိတ် သဘောထားခြင်း တိုက်ဆိုင်ရုံလေး နှင့် ဘာကြောင့် စာထဲ သတိတရ ထည့်ရေးနေရတာပါလိမ့်။ သူမ တ ကယ်ပင် နားမလည်စွာ စာကို ဆက်ဖတ်မိသည်။
”သူ့ကို ကိုယ် ပွင့်ပွင့်လင်းလင်း ပဲ ကိုယ့်မှာ မင်းရှိတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီတော့ သူက ချစ်သူရှိတာ အိမ်ထောင်ရှိတာမှ မဟုတ်တာတဲ့။ သူ့စိတ်ဓာတ်ကို ကို ယ်ကြိုက်သွားတာ အမှန်ပဲ”ဖတ်သာ ဖတ်လိုက်ရသည်။ အဓိပ္ပာယ်ကို နားမလည်လိုက်သည့် အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးပါ လိမ့်ဟု စာကို ခဏချ ထား ရင်း တွေးယူရသည်။ ချစ်သူရှိတာ အိမ် ထောင်ရှိတာမှ မဟုတ်တာတဲ့။
ထိုစကားမျိုးကို ပြောရလောက် အောင် သူတို့နှစ်ယောက်က ဘယ်လို ခေါင်းစဉ်အောက်မှာများ စကားပြောခဲ့ကြလို့ပါလိမ့်။
”ခွင့်လွှတ်ပါလို့တော့ မတောင်း ပန်တော့ဘူး။ ကိုယ် အမှားလုပ် တာ မဟုတ်ဘူးလို့ ယုံကြည်လို့ပါ။ မင်းလည်း ဒီလိုပဲ တွေးပေးမယ် ထင်ပါတယ်”ထို စာကြောင်းများ ကို လည်း သူမ အဓိပ္ပာယ် ချက်ချင်းဖော်မရ ချေ။ ထွက်သွားပြီးကတည်းက ပထမဆုံး ရေးလာသည့်စာက သူမအား ပဟေဠိဖွက်နေသည့် နှယ်ပင်။ဘာတွေကို မတောင်း ပန်ေ တာ့ ဘူး လုပ်နေတာပါလိမ့်။ သိပ်မကျန် တော့ပြီဖြစ်သော စာကြောင်းများ ကို ကြည့်လိုက်ရင်း သူမ စာကို ဆက်ဖတ်သည်။
”သူ့ကို ကိုယ်ချစ်မိသွားတယ် ထင်တယ်”
ဘုရားသခင် . . .။ ကယ် တော်မူပါ . . .။ မြင်နေရသည့် ကိုယ့်မျက်လုံးကိုပင် ကိုယ် မယုံချင် သလိုပင်။ ဟုတ်ရဲ့လားဟု သုံးလေး ကြိမ် အထပ်ထပ်ဖတ်သည့်တိုင် စာလုံး များ က ပြောင်းလဲမသွားသည် မှာ တစ်မျိုးလေးတော့ ဝမ်းနည်းစရာ ကောင်းခဲ့ပါသည်။
”တကယ်တော့ . . . ဘဝ လမ်းတစ်ခုကို လျှောက်တဲ့အခါ နံဘေးမှာပါနေတဲ့ အဖော်ဟာ ကိုယ့်နောက်လိုက် ဖြစ်နေမယ့်အစား ရဲဘော်ရဲဘက် ဖြစ်နေတာက ပိုကောင်း တယ်မဟုတ်လား။ အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ အဲဒီ အတွေးဟာ အမှန်ဆုံးပဲလို့ ကိုယ် တွေးမိနေတယ် အလင်း”ဖြစ်မှ ဖြစ်ရလေခြင်း။ နောက် ကျောကို ဓားနှင့် အထိုး ခံရသည် ဟူသော အဖြစ်မျိုးသည် ဒီလိုအဖြစ် မျိုးနှင့် တူသည်ထင်ပါရဲ့။ ကိုယ့် ဘက်က သူ့အပေါ်တွင် အရာရာ တိုင်းအတွက် မျက်လုံးစုံမှိတ်ကာ ယုံကြည်ပေးခဲ့သည်။ ထိုင်ဆို ထိုင်၊ ထဆိုထ နေပေးခဲ့သည်။ သို့သော် . . .။ သူ့ဘက် က . . .။
”ကိုယ်သူနဲ့ လက်ထပ်လိုက်ပြီ အလင်း”
မျက်ရည်တစ်စက်သည် လက်ဖမိုးပေါ် ပေါက်ခနဲ ကျသွားခဲ့လေသည်။
၎။
ထိုစာလေးတစ်စောင်ကို အလင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့မိပါ သည်။
ညတာရာလင်း (ထားဝယ်)