ကမ္ဘာ တစ်ခုလုံးက လေးစား ကြည်ညိုရတဲ့ တောင်အာဖရိက နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင် ကြီး Nelson Mandela ဟာ အသက် ၉၅ နှစ်မှာ ကွယ်လွန် ဆုံးပါး သွား ခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လ ကတည်းက နေထိုင် မကောင်းဖြစ်နေခဲ့တဲ့ တောင်အာဖရိက သမ္မတဟောင်း Mandela ဟာ အသားရောင် ခွဲခြားမှု ပြင်းထန်ပြီး ဆူပူ အုံကြွမှုများ နှင့် မငြိမ် မသက်ဖြစ်နေခဲ့တဲ့ နိုင်ငံကို စည်းရုံး ပေါင်းစည်းပေးခဲ့ပြီး အသားရောင် ခွဲခြားမှု စနစ်ဆိုး ကိုလည်း ဖယ်ရှားသုတ်သင် ရှင်းလင်းပေးနိုင်ခဲ့ သူ ဖြစ်ပါ တယ်။ Mandela ဟာ နိုင်ငံရေး ပြစ်မှုကြောင့် ၂၇ နှစ်ကြာ အကျဉ်းချခံခဲ့ ရသူလည်း ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ နိုင်ငံတော် ပုန်ကန်မှုနှင့် တရား တဘောင် ရင်ဆိုင်ခဲ့ ရစဉ် က ”ကျွန်တော်က အသားဖြူသူများ ကြီးစိုး လွှမ်းမိုးမှုကို ဆန့်ကျင် သလို အသားမည်းသူတွေ ရဲ့ ကြီးစိုး လွှမ်းမိုးမှုကို လည်း မလိုလားပါဘူး။ ကျွန်တော် သဘော ကျ နှစ်သက်တဲ့ အကောင်းဆုံး စိတ်ကူး၊ စံနမူနာက တော့ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ခု ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါ တယ်။ ပြည် သူတွေ အားလုံး သဟဇာတ ညီညီ ညွတ်ညွတ် နဲ့ နေထိုင်နိုင်ကြပြီး အားလုံးတန်းတူ အခွင့်အရေး ရရှိနိုင်ကြမယ့် အဖွဲ့အစည်း မျိုးပဲ ဖြစ်တယ်။ ဒီစိတ်ကူးမျှော်မှန်း ချက်တွေ အောင် မြင်ဖို့ ရည်မှန်းပြီး ကျွန်တော် ရှင်သန်လှုပ်ရှား နေတာပဲ ဖြစ်တယ်။ ဒါပေမဲ့ တကယ်လိုအပ်လာပြီ ဆိုရင်တော့ ဒီမျှော်မှန်းချက် အတွက် ကျွန်တော့် အသက်ကို စွန့်ဖို့လည်း ဝန်မလေးဘူး။ အဆင် သင့်ပဲ” လို့ သူ့အမှု အတွက် ကမ္ဘာကျော် လျှောက် လဲချက်ကို ရဲရင့်တောက်ပြောင် လှတဲ့ သမိုင်းဝင် စကားလုံး များနဲ့ နိဂုံးချုပ် ခဲ့ပါတယ်။ Nelson Mandela ကို သူ့တိုင်းသူပြည်သား များက နောက်ပိုင်းမှာ ချစ်မြတ်နိုးစွာနဲ့ Madiba လို့ ခေါ်ဝေါ် ကြပါတယ်။ Nelson Mandela ဟာ Iconic Leader စံပြခေါင်းဆောင် ဖြစ်ပါတယ်။ မိမိရဲ့ တိုင်းပြည်၊ တောင်အာဖရိကနိုင်ငံ ကို ကျော် ပြီး ကမ္ဘာ တစ်ခုလုံးက လေးစား ကြည်ညို၊ အမွှမ်း တင် ဂုဏ်ပြုရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ နိုဘယ်လ်ဆုရှင်လည်း ဖြစ်ပါတယ်။
Nelson Mandela ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ Robben Island ရော်ဘင်ကျွန်း က အကျဉ်းထောင် မှာ ၂၇ နှစ် တိတိ နေထိုင်ခဲ့ရ ပါတယ်။ လူဖြူ အုပ်စိုးမှုကို တွန်းလှန်တဲ့ Nelson Mandela တို့ရဲ့ ANC (African National Congress) ဟာ လူဖြူ အစိုးရရဲ့ မတရား ဖိနှိပ်မှု ဒဏ်ကို အပြင်းအထန် ခံခဲ့ကြရပါတယ်။ Nelson ဟာ ထောင်ထဲမှာ တီဘီရောဂါကို လည်း ခံစား တွန်းလှန်ခဲ့ရပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်က Nelson အတွက် အကောင်းဆုံး ဆရာ ဖြစ်ခဲ့ပါ တယ်။ စိတ်မြန် လက်မြန် ရှိပြီး အန္တရာယ်ကို ထီမထင်တဲ့ အစွန်းရောက် နိုင်ငံရေး သမား ဘဝက နေ ရင့်ကျက်ပြီး အရည်အသွေး ပြည့်ဝ၊ အမြော် အမြင်ရှိတဲ့ အမျိုး သား ခေါင်းဆောင် ဘဝကို မိမိ ဘာသာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ Nelson Mandela ဟာ အကျဉ်းကျမှုမှ မိမိ လွတ်မြောက်မှု အတွက် ဘာနဲ့မှ မလဲခဲ့သူ၊ ဘယ်လို အပေး အယူ မျိုးကို မှလည်း လက်မခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခိုင်ကျည်ပြင်းထန်တဲ့ အတိုက် အခံ၊ စံပြနိုင်ငံရေးသမား တစ်ယောက်အဖြစ် ကမ္ဘာကျော် ခဲ့ပါတယ်။ အကျော်ကြားဆုံး ကမ္ဘာ့ အကျဉ်းသား လို့တောင် ဆိုစမှတ်ပြုခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် Nelson အသက် ၇ဝ ပြည့်ချိန် မှာ ထိုအချိန်က နာမည်ကျော် အနုပညာရှင်များ ဖြစ်ကြတဲ့ Sting, George Michael နှင့် Whitney Houston အစရှိတဲ့ အဆိုတော် များက လန်ဒန်မြို့ Wembley ဇာတ်ရုံမှာ ‘Free Nelson Mandela’ ဂီတပွဲတော်ကို အကြီး အကျယ် ဆင်နွှဲခဲ့ကြပြီး ကမ္ဘာ တစ်လွှားက ပရိသတ် သန်းပေါင်း ၆ဝဝ က ကြည့်ရှု ခဲ့ကြပါတယ်။ Nelson ကို အကျဉ်းချထားတဲ့ လူဖြူအစိုးရက လည်း ပြည်တွင်း မငြိမ်မသက်မှု၊ စီးပွားရေး ပိတ်ဆို့ ခံထားရမှုများနှင့် အတူ ထောင်ထဲ မှာ မတော်တဆ Nelson ဆုံးပါးသွားခဲ့ရင် ဖြစ်လာမယ့် အကြီး အကျယ် ဆူပူမှုများကို စိုးရွံ့ပြီး နောက်ဆုံး မှာတော့ Nelson ကို ထောင်မှ လွှတ်ခဲ့ ပါတယ်။ အသက် ၇၁ နှစ်ရောက်မှ ထောင်က လွတ်လာတဲ့ Nelson Mandela ဟာ ခါးသီး နာကျည်းဖွယ်ရာများ၊ လက်စားချေ တန်ပြန်မှုများ အားလုံးကို သယ်ဆောင် လာခြင်း မရှိခဲ့ဘဲ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ မိခင်နိုင်ငံကို ရင်ကြားစေ့ပြီး ဘာသာ ကွဲ၊ လူမျိုးကွဲ၊ အသားအရောင် ကွဲသူများ အားလုံး ညီညွတ် စွာ နေထိုင်နိုင်တဲ့ ‘သက်တန့်နိုင်ငံ’ အသွင်ဖြစ်စေဖို့ ချက်ချင်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။ အိပ်မက်ဆိုးတွေနှင့် ပြိုလဲ တော့မယ့် နိုင်ငံတော် အတွက်Nelson Mandela ဟာ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည် ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ သူဟာ လူဖြူ တွေရဲ့ ယုံကြည်မှု ကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ အန္တရာယ် ရှိတဲ့ အကြမ်းဖက်သမား အဖြစ် အယုံ သွင်းခံထားရတဲ့ လူဖြူ အများစုက သူလွတ်လာတာ နဲ့ တစ်ပြိုင်နက် ခံစားခဲ့ရတဲ့ ခါးသီး နာကျင်မှုတွေ အတွက် တန်ပြန် လက်စားချေ ပြီး ကြမ်းတမ်းပြင်း ထန်တဲ့ တောင်းဆိုမှု၊ ခြိမ်းခြောက်မှုတွေ ပြုလုပ် လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ မျှော်မှန်း ထားသလို မဟုတ်ဘဲ သူ့ကို ပြင်းထန်စွာ ဆန့်ကျင်တဲ့ အတိုက်အခံများ ကိုတောင် ငြိမ်းချမ်းရေး လက်ကမ်းနိုင်သူ ဖြစ်လာ ခဲ့ပါတယ်။ သူ့ရဲ့ အမြော် အမြင်၊ ဆင်ခြင်တုံတရား ရှိမှုတို့နဲ့အတူ သူတစ်ပါး ကျလောက်အောင် ပြောနိုင်စွမ်းရှိတဲ့ အရည် အချင်းတွေကြောင့် သူ့ကို စိုးရွံ့နေ သူများကို စိတ်ချလက်ချ ရှိစေပြီး သူ့အပေါ် မှာလည်း ယုံကြည်မှုတွေ ဖြစ်ထွန်းလာ စေခဲ့ပါတယ်။ အခက်အခဲ အကျပ်အတည်းတွေ ကြားကပဲ South Africa ရဲ့ လူနည်းစု ခေါင်း ဆောင်၊ သမ္မတ FW De KLERK က အာဏာ ကို လိုလိုလားလား စွန့်လွှတ်ခဲ့ပြီး ၁၉၉၃ ခုနှစ် မှာတော့ သမ္မတ နဲ့အတူ Nelson Mandela ဟာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပူးတွဲ ရရှိခဲ့ကြပါ တယ်။ လွတ်လတ် မျှတတဲ့ ရွေးကောက်ပွဲကြောင့် ၁၉၉၄ ခုနှစ် ဧပြီလမှာ ANC ဟာ အနိုင်ရရှိခဲ့ပြီး မေလ ၁ဝ ရက်မှာတော့ တောင်အာဖရိက ရဲ့ ပထမဆုံး လူမည်း သမ္မတ အဖြစ် Nelson Mandela ဟာ တာဝန် အပ်နှင်းခြင်း ခံခဲ့ရပါ တယ်။
သူ့ရဲ့ သမ္မတ သက်တမ်းမှာ နိုင်ငံတော်ကို ပြန်လည် တည်ဆောက်မှုနှင့် မတူ ကွဲပြားမှု များကို ရင် ကြားစေ့ ဖို့ ကြိုးစား ပမ်းစား လုပ်ဆောင်ခဲ့ပါ တယ်။ သူဟာ Public Relations နဲ့ ပတ်သက် လို့လည်း ပါရမီရှိ ကျွမ်းကျင်သူလို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အရေးပါတဲ့ အပြောင်းအလဲ အခိုက်အတန့် တစ်ခုကို ၁၉၉၅ Rugby World Cup- Final ပွဲစဉ်ကို တောင်အာဖရိက မြို့တော် Johannasburg မှာ ကျင်းပစဉ်က တွေ့ခဲ့ကြ ရပါတယ်။ ဒီပွဲကြည့်နေတဲ့ ပရိသတ်ရဲ့ ၉၅ ရာခိုင်နှုန်း က လူဖြူတွေ ဖြစ် ပါတယ်။ လူဖြူ လူမည်း ခွဲခြားမှု ရဲ့ အမှတ် တံဆိပ် တစ်မျိုးဖြစ်ပြီး ထိုစဉ် Apartheid အပါသိုက် လူမျိုးရေး ခွဲခြားမှု ကာလ က လူများစု ရွံရှာ မုန်းတီး ခဲ့တဲ့ အစိမ်းနှင့် အဝါရောင် စပ်ကြား Springbok Jersey အင်္ကျီကို ဝတ်ဆင်ပြီး Nelson Mandela က ဒီအားကစား ကွင်းထဲ ကို ဝင်ရောက် လာခဲ့ ပါတယ်။ မယုံကြည်နိုင်စွာ နဲ့ကွင်း တစ်ကွင်းလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး တစ်စုံ တစ်ယောက် ရဲ့ အော် သံနောက် မှာတော့ တစ်ကွင်းလုံးက လူတွေ အားလုံးက ’Nel – Son! Nel – Son!’ ဆိုတဲ့ အသံနှင့် အတူ အားပေး အော်ဟစ်သံ များက မိုးခြိမ်းသံ တမျှ ဘဝဂ်ညံခဲ့ ပါ တယ်။ ဒီလို နဲ့ပဲ အဖြူရောင် South Africa ရဲ့ ဘုရင်အဖြစ် Nelson Mandela က သရဖူ ဆောင်းခွင့် ရရှိခဲ့ပါတယ်။
တဖြည်းဖြည်းနှင့် South Africa ဟာ အပယ်ခံ ဘဝကနေ လေးစား ခံရ တဲ့ နိုင်ငံ တစ်ခု ဖြစ်လာ ခဲ့ပါ တယ်။ Nelson ရဲ့ ဂုဏ်သိက္ခာ နဲ့ ရိုးရှင်းတဲ့ စတိုင်၊ လူနေမှု ပုံစံ တို့ဟာ လူတိုင်းကို ချစ်ခင်နှစ်သက် ကြည်ညို စေခဲ့ပါတယ်။ အင်္ဂလိပ် ဘုရင်မကြီး ကနေ ဆယ်ကျော်သက်တွေ အသည်း စွဲ Spice Girls မိန်းကလေး ဂီတ အဖွဲ့အထိ ဖြစ်ပါ တယ်။ ကမ္ဘာမြေပေါ် က နာမည်ကျော်ကြား သူများ အများအပြား ကလည်း Nelson ရဲ့ မိတ်ဆွေ များ ဖြစ်ခဲ့ကြပါတယ်။ ဝေလ မင်းသမီး Diana နဲ့ လည်း အလွန်တရာ ခင်မင် ခဲ့ပြီး AIDS ကပ်ဆိုက်နေချိန်၊ ဒီကိစ္စများကို ဆွေးနွေးဖို့ Cape Town ကို ၁၉၉၇ ခုနှစ် ဒိုင်ယာနာ မင်းသမီး ရောက်ရှိလာချိန်မှာ ”မင်းသမီးတွေကို အမြဲတမ်းတွေ့ ရတတ် တာမျိုး မဟုတ်တော့ ခုချိန်ထိ ကတုန် ကယင်ဖြစ်နေတုန်း ပဲ” လို့ ဆိုခဲ့ဖူးပါတယ်။ မင်းသမီး Diana ကို Nelson က မင်းသမီးရဲ့ ပရဟိတ လုပ်ငန်းများ၊ HIV နဲ့ ပတ်သက် လို့ လူအများစု၊ လူ့အဖွဲ့အစည်း ရဲ့ ရွံကြောက်မှု များကို ဖယ်ရှားပြောင်းလဲ ပစ်ဖို့ မနားတမ်း ကြိုးပမ်းမှုများ အတွက် လေးစား အမွှမ်းတင် ဂုဏ်ပြုခဲ့ပါတယ်။ ဒိုင်ယာနာ ဆုံးပြီး နောက် ၂ဝဝ၂ ခုနှစ်မှာ Nelson က ဒိုင်ယာနာကို မြှုပ်နှံထားတဲ့ ဂူရှိရာ Althorp ကို သွားရောက်ပြီး လွမ်းသူ့ပန်းများ ချခဲ့ပါတယ်။ နောက်ပြောင် တတ်တဲ့ ဟာသဥာဏ်၊ ချစ်ခင်ဖွယ်ရာ ကျယ်ပြန် တဲ့ အပြုံးများနဲ့အတူ Nelson Mandela ဟာ လူတကာရဲ့ စိတ်နှလုံးကို ယူကျုံးနှစ်သက် ကြည်နူး နိုင်စေခဲ့ သူ ဖြစ်ပါ တယ်။ တောင်အာဖရိက အတွက် ဒေါ်လာ သန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ Oprah Winfrey၊ U2 မှ BONO ၊ နာမည်ကျော်မော်ဒယ် Naomi Campbell ၊ နိုင်ငံတကာ သမ္မတ များ၊ လူထုခေါင်းဆောင် များစွာ အားလုံးက Mandela ကို ကြည်ညိုချစ်ခင်ခဲ့ပါတယ်။
Nelson Mandela ရဲ့ ကိုယ်ပိုင်ဘဝကတော့ မုန်တိုင်းထန်ခဲ့ ရတယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ Nelson ဟာ သူနာပြုဆရာမ Evelyn Mase နှင့် လက်ထပ် ခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ပါတယ်။ Nelson ဟာ တက္ကသိုလ်က ဘွဲ့ရခဲ့ရုံမက ဥပဒေနဲ့ ပတ်သက်တဲ့ ဒီပလိုမာကို လည်း ရရှိခဲ့ပြီး ဂျိုဟန်နက်စဘဂ် မြို့တော် ရဲ့ ပထမဆုံး လူမည်း ဥပဒေအကျိုးဆောင် အဖွဲ့ကို မိတ်ဆွေ Oliver Tambo နဲ့ စတင် ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ANC အဖွဲ့မှာ ၁၉၄၃ ခုနှစ်က စတင် ပါဝင်ခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများ စတင် ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ တခြား အစွန်းရောက် လူငယ်များ နဲ့အတူ African National Congress Youth League ကို ဖွဲ့စည်း ထူထောင် ပြီး ဆန္ဒပြမှုများ၊ နိုင်ငံရေး ဆူပူမှုများနှင့် လူဖြူ အစိုးရကို တော်လှန်ခဲ့ပြီး မကြာခင်မှာပဲ ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၆ မှာ တခြားနိုင်ငံရေး သမား ၁၅၆ ယောက် နဲ့အတူ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုခြင်း ခံရပြီး ငါးနှစ် အကြာမှာတော့ အမှုမှ လွတ်မြောက်ခဲ့ ပါ တယ်။ ဒီငါးနှစ်ကြာ တရားစွဲ ခံရခြင်းမှာ Nelson ကိုယ်တိုင် သူ့လှုပ်ရှားမှု များရဲ့ တရားမျှတမှုကို တရားရုံးမှာ လျှောက်လဲခဲ့ပြီး သူ့ရဲ့ အမြင်ကျယ်မှု၊ အပြောအဟော ကောင်းမှုတို့ကြောင့် ANC ရဲ့ တန်ဖိုး အရှိဆုံးသူ အဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ Evelyn အီဗလင်နှင့် အိမ်ထောင်ရေး အဆင် မပြေဖြစ်ခဲ့ပြီး ငယ်ရွယ် လှပချောမောတဲ့ လူမှုဖူလုံရေး ဝန်ထမ်း Winnie Madikizela နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ၁၉၅၈ မှာ Evelyn နဲ့ တရားဝင် ကွာရှင်းပြီး လအနည်းငယ်ကြာ မှာ Winnie နဲ့ လက်ထပ်ခဲ့ပါတယ်။ Winnie နဲ့ ကလေးနှစ်ယောက် ထွန်းကားခဲ့ပြီး အိမ်ထောင် သက် ၃၈ နှစ် ကြာခဲ့ပေမယ့် ခေတ္တခဏသာ အတူ နေထိုင်ခဲ့ရပြီး ကျန်အချိန် များက အကျဉ်းကျနေ ခဲ့ရမှုကြောင့် ဝေးခဲ့ ရပါတယ်။
Nelson ကိုယ်တိုင် ရေးသားခဲ့တဲ့ ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ ’Long Walk to Freedom’ မှာ သာမန် အိမ်ထောင်စု၊ မိသားစုဘဝ ပျောက်ဆုံးခဲ့ ရခြင်း အတွက် ဝမ်းနည်း ယူကျုံးမရ ဖြစ်ခဲ့ရပြီး သူ့မိန်းမ ဖြစ်ခဲ့တဲ့ အတွက် Winnie ဟာ ထောင်ကျ ခံရခြင်း၊ တစ်ကိုယ်တော် တိုက်ပိတ် ခံရခြင်း၊ ချုပ်နှောင် ခံ ရခြင်း၊ နှစ်ပေါင်း များစွာ အကျယ်ချုပ် ခံရခြင်း အစ ရှိတဲ့ ဒုက္ခ ဆင်းရဲ များကို ခံခဲ့ရခြင်း အတွက် နာကျင် ထိခိုက် အပြစ် မကင်း သလို ခံစားရမှု များကို ဖွင့်ဟ ရေးသားခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ကုန်လွန်ခါနီးမှာ Nelson က ထောင်ထဲက နေ ”မင်းရဲ့ ပုံရိပ်လေးကို မြင်ရုံမျှ၊ မင်းအကြောင်း လေး စဉ်းစားရုံမျှ နဲ့ ကိုယ့် ရင်ထဲ မှာ မီးတွေ အထောင် အသောင်း တောက်လောင် လာတယ်” လို Winnie ထံ ရေးသား ခဲ့ပါတယ်။ ၁၉၆ဝ ခုနှစ် ANC ကို မတရား သတင်း ကြေညာခံ ရပြီးတဲ့နောက် Nelson က ပုန်းရှောင်နေခဲ့ ရပါတယ်။ ငြိမ်းချမ်း တဲ့ ဆန္ဒပြမှုတွေ ကို စိတ်ကုန် လာပြီးနောက် ကန့်သတ် ထားတဲ့ အဖျက် အမှောင့် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ANC ရဲ့ စစ်မက်ရေးရာ အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါတယ်။ ၁၇ လကြာ ပုန်းရှောင်နေ ခဲ့ပြီး တဲ့နောက် မှာတော့ ၁၉၆၄ ခုနှစ် မှာတော့ အစိုးရ ကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ အဖမ်းဆီးခံ ခဲ့ရပြီး ရုံးတင်တရားစွဲ ခံခဲ့ရပါတယ်။ ဒီနောက် မှာတော့ ကမ္ဘာကျော်နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၇ နှစ် ကြာ ထောင်နန်းစံ ခဲ့ရပါတော့တယ်။ Nelson လွတ်မြောက် လာပြီးနောက်မှာတော့ သူ့ကိုယ်ပိုင် ဘဝက မတည် မငြိမ် ဖြစ်ခဲ့ရပါတယ်။ ၁၉၈ဝ ခုနှစ်နောက်ပိုင်း ကာလများမှာ သူ့ဇနီး Winnie ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းစေတဲ့ သတင်းများ၊ နာမည်ပျက်မှုများ တစ်စတစ်စ ပေါ်ထွန်း လာပြီး ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု စသည်တို့နဲ့ ပတ်သက်ပြီး နောက်ဆုံး ၁၉၉၆ ခုနှစ် မှာတော့ Nelson ဟာ Winnie နဲ့ တရား ဝင် ကွာရှင်း ခဲ့ရ ပါတယ်။ ဒီနှစ်တွေမှာပဲ ပထမဇနီး နဲ့ရတဲ့ သားသမီး လေးယောက် ထဲက သုံးယောက် ကိုလည်း ဆုံးရှုံးခဲ့ ရပါတယ်။ ၁၉၉၈ ခုနှစ် သူ့အသက် ၈ဝ ပြည့်နှစ် မှာတော့ မိုဇမ်ဘစ်ဂ် နိုင်ငံက သမ္မတ Samora Machel ရဲ့ မုဆိုးမ Graca Machel နဲ့ လက်ထပ်ခဲ့ပါတယ်။ Nelson Mandela ဟာ သမ္မတသက်တမ်း တစ်ခု သာ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ သမ္မတ အဖြစ်က အငြိမ်းစား ယူခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း များစွာ ’The Nelson Mandela Foundation’ ၊ ‘The Nelson Mandela Children’s Fund’ အစရှိတဲ့ လူမှုရေး လုပ်ငန်း၊ လူထု အကျိုးပြုလုပ်ငန်း များနဲ့ ဒုက္ခဆင်းရဲရောက် နေသူ လူကြီး၊ ကလေး အားလုံးကို ကူညီဖို့ လုပ်ဆောင်ခဲ့ပါတယ်။
မကွယ်လွန်မီ နှစ်အနည်းငယ်ကပဲ ၂ဝ၁ဝ Fifa World Cup ကို တောင်အာဖရိကမှာ ကျင်းပဖို့ စည်းရုံး လှုံ့ဆော်ပေးခဲ့ပြီး နောက်ဆုံး ပွဲစဉ်မှာ လည်း ပရိသတ် က သောင်းသောင်းဖျဖျ၊ မတ်တတ်ရပ် အလေးပြုတာကို ခံယူပြီး ဝမ်းမြောက် ဝမ်းသာ အားပေး တက်ရောက်ခဲ့ပါ တယ်။ နောက်ပိုင်းနှစ် များမှာ သူ့မျိုးနွယ်စု နာမည်၊ မျိုးနွယ်စု လူကြီး များကို ဂါရဝ တရားနဲ့ ခေါ်တဲ့ နာမည် Madiba ကိုပဲ လူထု ပရိသတ်က ချစ်မြတ်နိုးစွာ သူ့ကို ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။ ဆုံးပါးချိန်မှာ သမီး သုံးယောက်၊ မြေး ၁၇ ယောက် နဲ့ မြစ် ၁၄ ယောက် ကျန်ရှိခဲ့ပါ တယ်။ Nelson ရဲ့ အသုဘ အခမ်းအနား ကို သမ္မတ Obama အပါအဝင် နိုင်ငံခေါင်းဆောင် များစွာ တက်ရောက် ခဲ့ကြပါတယ်။ ပြင်းထန်နက် ရှိုင်းတဲ့ ပဋိပက္ခ များကို နာ ကျည်းမှု မပါဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နဲ့အတူ အသား အရောင် ခွဲခြားမှု စနစ်ဆိုး ကိုလည်း ထာဝရပျောက် ကွယ် သွားစေဖို့က သူ ချန်ရစ်ခဲ့တဲ့ အမွေအနှစ် များ ဖြစ်ပါတယ်။ သူ့ဆီက အဖိုးတန်တဲ့ လှုံ့ဆော် တွန်း အားပေးမှု ရရှိသူ၊ မရေမတွက်နိုင်တဲ့ သန်းပေါင်း များစွာသော လူများထဲမှာ ကျွန်တော် လည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ သူဟာ ခေတ်ပေါင်း များစွာနဲ့ သက်ဆိုင်သူ ဖြစ်ပါ တယ်” လို့ အမေရိကန် သမ္မတ Barack Obama က ဆိုခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် David Cameron ကတော့ ”ကမ္ဘာမှာ ထင်ရှားတဲ့ အလင်းရောင် တစ်ခု ကွယ်ပျောက် သွားခဲ့ပြီ” လို့ ဝမ်းနည်းကြောင်း မှတ်တမ်း မှာ ရေးခဲ့ ပါ တယ်။ ’Nelson Mandela ဟာ ကျွန်တော်တို့ ခေတ်မှာ ကြီးကျယ်တဲ့ လူသား တစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာ့ သူရဲကောင်း အမှန် တကယ် ဖြစ်ပါတယ်” လို့ လည်း ဆိုခဲ့ ပါတယ်။ သူ့ရဲ့ နိုင်ငံဖြစ်တဲ့ တောင် အာဖရိကသမ္မတ Jacob Zuma ကတော့ ”ကျွန်တော် တို့နိုင်ငံဟာ သူ့ရဲ့သားကောင်း ရတနာ ကို ဆုံးရှုံး လိုက်ရပါပြီ။ ကျွန်တော် တို့ ပြည်သူတွေ ကတော့ သူတို့ရဲ့ဖခင် စွန့်လွှတ်လိုက် ရပါတယ်။ သူ့ရဲ့ လူသားဆန်မှု ကပဲ Nelson Mandela ကို အကြီးကျယ်ဆုံး လူ သား ဖြစ်စေခဲ့ပါ တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ် ကိုယ်မှာ ရှာဖွေ နေတာတွေကို သူ့ထံမှာ တွေ့ရပါတယ်” လို့ TV မှာ Nelson Mandela ဆုံးကြောင်း သတင်း လွှင့် ရင်း ဂုဏ်ပြု စကားဆိုခဲ့ပါတယ်။ သူ့ဘဝဇာတ် ကြောင်းကို ရိုက်ကူးတဲ့ Invictus (၂ဝဝ၉) ရုပ်ရှင် မှာ Nelson Mandela အဖြစ် သရုပ်ဆောင် ခဲ့တဲ့ Morgan Freeman ကတော့ Nelson Mandela ဟာ တုနှိုင်းလို့ မရနိုင်တဲ့ ဂုဏ်သိက္ခာ၊ ချုပ်ကိုင်လို့ မရတဲ့ စွမ်းအားနဲ့ တွေဝေမှု ကင်းတဲ့ ပိုင်းဖြတ်နိုင်စွမ်း ရှိသူ လူပုဂ္ဂိုလ်ဖြစ် ပါတယ်။ သူဟာ အများ အတွက် သူတော်စင် တစ်ဦးဖြစ်ပြီး လွတ်လပ်ခြင်း၊ အချုပ်အနှောင် ကင်းခြင်းနဲ့ လူသားတို့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထား သူများ အတွက် သူရဲကောင်း တစ်ဦးဖြစ်တယ်” လို့ ညွှန်းဆို ဂုဏ်ပြုစကားဆိုပါတယ်။ အရိုးရှင်းဆုံး ဖွင့်ဆိုရရင်တော့ Nelson Mandela ဟာ ယခု ခေတ် ကာလကြီးရဲ့ အကြီးမြတ် ဆုံး အာဖရိကန် တစ်ဦးအဖြစ် ထာဝရ တည်ရှိနေမှာပဲ ဖြစ်ပါတယ်။