(၁)
ဖြူလွှလွှ တိမ်မျှင် တိမ်လိပ် တန်းများ ပတ်လည်ဝန်းရံထား သည့် မှိုင်းညို့ညို့ ရှမ်းတောင်တန်း တစ်နေရာတွင် အိပ်မက် ဆန်လှ သော ရွာကလေး တစ်ရွာရှိ၏။ ရွာနာမည် ကပင် ထူးခြား ဆန်းပြား လွန်းသော အမည် နာမမျိုးဖြစ် သည်။ ‘ပန်ထီလာ’ ဆိုသည့် ရွာ အဝင် ဆိုင်းဘုတ် ကလေးသည် စိုထိုင်းထိုင်း မြူမှုန်တို့ကြောင့် ကဗျည်း စာလုံး များမှာ နှင်းရည်များ ရွှဲစို၍နေသည်။
ထိုရွာကလေးနှင့် ပတ်သက် ၍ ကျွန်တော် အိပ်မက်များစွာ မက် ဖူးသည်။ ယင်း ရွာကလေး အကြောင်း အိပ်မက်မည့် အခါတိုင်း အိပ်ရာမှ လန့်နိုးလာချိန် တွင် ကျွန်တော့် ပါးပြင်၌ မျက်ရည်စ တချို့ စိုရွှဲပေကျံနေတတ်ပါသည်။
ထိုအိပ်မက်လေးထဲတွင် ကျွန်တော်သည် တောင်နံရံတွေ ဆီ တဝုန်းဝုန်း တိုက်ခတ်နေသော ကြမ်းတမ်း အေးခဲသည့် လေဒဏ်မှ ကာကွယ်ရန် ချည်စောင် တစ်ထည် ကို တစ်ကိုယ်လုံး တင်းတင်းကျပ် ကျပ် ရစ်ပတ်ထားရင်း၊ ကမ်းပါးစွန်း တစ်ခုတွင် မတ်တတ် ရပ်နေတတ် ပါသည်။ ကျွန်တော် တစ်စုံတစ် ယောက် ကို စောင့်ဆိုင်းနေခြင်း ပင်။
ကွယ်လွန် သွားရှာပြီဖြစ်သည့် တမလွန်က အဖေနှင့်မိတ်ဆွေ သူငယ်ချင်း တို့၏ ဝိညာဉ်များကို စောင့်ဆိုင်းနေခြင်း ဖြစ်ကောင်းဖြစ် ပါမည်။ သူတို့တစ်တွေ အားလုံးက ကျွန်တော့် ကို လာခေါ်ကြလိမ့် မည်။
ရုတ်တရက် ဆိုသလို ငှက်ဆိုး တစ်ကောင်၏ စူးစူးဝါးဝါးအော်သံ ကျယ်ကြီးကို ကြားလိုက်ရသည်။ လျှပ်စီးများ ဝင်းလက်သွားသည့် ညကောင်းကင်တွင် ဂျိမ်းခနဲ ထစ်ချုန်း လိုက်သည့် မိုးချုန်းသံနှင့် အတူတိမ်များ ဟိုဒီပြေးလွှားကုန် ကြသည်။
တဒင်္ဂကျွန်တော် မဆုံးဖြတ် နိုင်အောင်ဖြစ်သွားရ၏။ ကျွန်တော် လိုက်သွားရမည်လား။ သို့မဟုတ် နေရစ်နေ ခဲ့မည်လား။ ကျွန်တော် ချစ်သော ရွာကလေးနှင့် ချစ်ရသူ များကို ဘယ်လိုခွဲထားနိုင်ခဲ့ပါမည် နည်း။
(၂)
ရာသီဥတု၏ ပူစပ်ပူစပ် အရသာကို ထိတွေ့ခံစားရင်းက အေးစိမ့်စိမ့် တောင်ပြန်လေညင်း တို့ကို အတိုင်းအဆမဲ့ လွမ်းရပြန် သည်။ ယခုအချိန်ဆို အိမ်နောက် ဖေးက လက်ဖက်ခင်းတွေမှာ မြူတွေပိန်း ပိတ်အောင်ရစ်ထား မည်လား။ သို့မဟုတ် ရွာအဝင် တောလမ်းကလေးမှာ ဖြူဆွတ် ဆွတ်တိမ်အုပ်များ လွှမ်းခြုံထား မည်လား။ ရံဖန်ရံခါ မိုးစက် ခပ်သေးသေးလေး တို့ တဖွဲဖွဲကျနေ တတ်သည့် မွေးရပ် ဌာနီနှင့် မဟာ ရန်ကုန်၏ရာသီဥတုက လုံးဝ ကွဲပြားခြားနား လွန်းသည်။
ဆောင်းတွင်းကြီးဖြစ်ပါလျက် ကျောကော့လောက်အောင် ပူလှ သည့် နေဒဏ်ကိုခံရင်းက မှတ် တိုင်ရှေ့ဝေါခနဲပြေးဝင်လာသည့် ဘတ်စ်ကားပေါ်သို့ အပြေးအလွှား တက်လိုက်ရသည်။ သို့ပေသိ ရွာကို လွမ်းဆွတ်သတိရစိတ်က အာရုံထဲက လွင့်ထွက်မသွားဘဲ ဦးနှောက်ထဲသို့ တိုးဝင်လို့လာ သည်။
”ရှစ်မိုင်၊ တံတားဖြူ၊ မာလာ၊ စိုက်ပျိုးရေး၊ မြေနီကုန်း၊ စံပြ၊ ဆူးလေ” ဆိုသည့် ကားစပယ်ယာ ၏ လူခေါ်သံက စက်သေနတ်ပစ် သကဲ့သို့ အော်ကြီး ဟစ်ကျယ်မို့ နားကွဲ မတတ်ကျယ်လောင် ပါသော် ငြား ကျွန်တော့်၏ အတွေးအာရုံ တို့ကို ထိုးဖောက်နိုင်စွမ်းမရှိ။
ဟောင်းတူးတူး ချွေးရနံ့တွေနှင့် ခေတ်ပေါ် ရေမွှေးရနံ့များ ရော ထွေး ပြွတ်သိပ်ကာနှာတံဝအနီး မှာ ရောသမမွှေနေသော်လည်း အတွေးစိတ်များက မပျက်ပျယ် ပေ။ ကားပေါ် မှာ လူတွေကျပ် ညပ်နေသော်လည်း အာရုံတွေက မပျောက်ကွယ်ပြန်ပေ။
လူဟုခေါ်ထိုက်သူ လူတွေ တိုင်းမှာ မွေးရပ်ဇာတိမြေဆိုသည် က ဘယ်သောအခါမှ မေ့မရနိုင် သည့် ထာဝရ သတိရနေမည့် ဒေသတစ်ခု ပင်ဖြစ်ပေလိမ့်မည်။ သို့သော် ကျွန်တော့် ၏ မွေးရပ်မြေ ကပို၍ လွမ်းမောတမ်းတဖွယ်ရာ ကောင်းလိမ့်မည် ထင်သည်။ ကျွန်တော်သည်ပင် ဇာတိမြေကို စွန့်ခွာပြီး မဟာ ရန်ကုန်၏ ဘဝ ရောင်စုံ၊ လူရောင်စုံတွေ အကြား ရည်မှန်းချက်တွေ အတွက် အတ္တ တွေနှင့် တိုးဝင်ခဲ့မိသည်ကိုပင် ယခုအချိန်မှာတော့ နောင်တရချင် သလိုလို ရှိလာသည်။ ဒီအချိန်ဆိုရင် ဟု အတွေး စိတ်ကို နိဒါန်းပျိုးမိသည် ဆိုရင်ဖြင့် ပုံရိပ်အရောင်တွေက ပြကွက် သဏ္ဌာန် တွေအလားတစ်ခု ပြီးတစ်ခု တစ်ကွက်ပြီး တစ်ကွက် အမြင်အာရုံမှာ ထင်ဟပ်လာချေ သည်။
ကျွန်တော့် အမြင်လွှာတွေထဲ က ဦးစွာတိုးဝှေ့လာသည်က ရဲရဲ တောက် ဖူးပွင့်နေကြမည့် တောင် ဇလပ်ပန်းနီနီ ကြီးတွေသာ ဖြစ် တော့သည်။ တောင်စောင်းတွေ၊ ကမ်းပါး ယံကျောက်ဆောင်တွေ၏ အစွန်အဖျားတွေ၊ အငူသဏ္ဌာန် ချွန်ထွက်နေသည့် ကျောက်ချွန် တောင်စွယ်များမှာ အဆုပ်လိုက်၊ အခဲလိုက် အစွမ်းကုန်လှပရင်း မြူ တိမ်တွေအကြားမှာ ကခုန်နေလိမ့် မည်။
စိမ်းတောက်တောက် တောင် ယာလက်ဖက်ခင်းတွေ ရဲ့အဆုံး၊ ဟိုးခပ်ဝေးဝေး ကတောစပ်တွေ မှာ ချယ်ရီတွေလည်း ပင်လုံးကျွတ် အုပ်လုံး သိမ်းစပြုနေလိမ့် မည်။ ဖြူ လွှလွှ တိမ်မျှင်တိမ်လိပ်တန်း ကြီးတွေမှာလည်း စိမ်းညို့ညို့ ရှမ်းတောင်တန်းကြီးကို ပတ်လည် ဝန်းရံ လျက်ပြာလဲ့ စိမ်းမှောင်နေပေ မည်။
”ဟဲ့အကောင် နောက်နည်း နည်းဆုတ်ပါဦး ဒီမှာညပ်နေပြီ”
”ဟာဗျာ အစ်မကလည်း နောက်က အတင်းတိုးနေတဲ့ဟာ ကျွန်တော်လည်း မတတ်နိုင်ဘူး”
”ဟိုမသာစပယ်ယာကလည်း ဒီလောက်လူကျပ်နေတဲ့ဟာကို ခရီးသည်တွေတင်တုန်းပဲ”
”အမေ့ ပိုက်ဆံအိတ်ကို သတိထားနော် လူကျပ်ရင်ခါးပိုက် နှိုက်ခံရတတ်တယ်”
ကားပေါ်မှာ တဖြည်းဖြည်း လူကျယ်စပြုလာတော့ စကားသံ တွေက စွတ်စံညံလာသည်။ အာရုံ တွေလွင့်ပျံ၍ ဘေ့ဘီဝေ့ဝဲကြည့် တော့ ကြိမ်ခြင်းတောင်းကတစ် ဖက် လက်ဆွဲအိတ်ကတစ်ဖက်နှင့် မနှိမ်နင်းဖြစ်နေသည့် အဒေါ်ကြီး ကိုတွေ့ရတော့ ကျွန်တော် ကိုယ် ချင်းစာမိသွားသည်။ လက်က ဘားတန်းကို မကိုင်ရသည့်အတွက် ကားဆောင့်ထွက်သည့်အခါ၊ ကွေ့သည့်အခါတွေမှာ ဟန်ချက် မညီမညာဖြစ်ကာ ယိမ်းယိုင်တော့ သည်။
”ဟဲ့သောက်ပလုတ်တုတ်”
ရံဖန်ရံခါအဒေါ်ကြီးထံမှ အာမေဍိတ်အသံတွေ မျိုးစုံကြားရ တော့ ကျွန်တော်မနေတတ် မထိုင် တတ်ဖြစ်ကာ ထိုင်ခုံမှာ ထပေး လိုက်တော့သည်။
”အိုရပါတယ် ငါ့တူ အဒေါ် က ရှေ့မှတ်တိုင်မှာဆင်းမှာ”
သို့ပေသိ အဒေါ်ကြီး ရဲ့ကြိမ် ခြင်းကို ကျွန်တော် ကူကိုင်လိုက်မှ သက်သောင့်သက်သာ ဖြစ်ရသည်။ ခြင်းကြီးက ကြိမ်ဖြင့်ယှက်ထား သည်ထင်ရပေမဲ့ နှီးဝါးဖြင့် ယှက် ထားသော အမျိုးအစားဖြစ်သည်။ ခြင်းထဲမှာက ပျားလိမ္မော်သီးတွေ တစ်ဝက်ခန့် ထည့်ထားသော ကြောင့် အတော်လေး၏။ ဒါပေမဲ့ လိမ္မော်သီးတွေက သိပ်ပြီးလတ် ဆတ်ဟန် မတူပေ။ အရွယ်ကလည်း သေးသေး ရှုံ့ရှုံ့မို့ အရသာက လည်း ချဉ်ပြုံးချဉ်ပြုံးဖြစ်ပေလိမ့် မည်။ ”တို့ရှမ်းပြည်က လိမ္မော် သီးတွေနဲ့များကွာပါ့” ဟု အတွေး စိတ်ဝင် မိစဉ် ကျွန်တော့် စိတ်အစဉ် ကရွာပြန်သွားခဲ့သည်။ ဟုတ်သည် လေ ရွာကထွက်သည့် လိမ္မော်သီး တွေဆိုတာ အလုံး အရွယ်အစားက ခပ်ကြီးကြီး အရသာက အနှစ်ပြည့် မို့ တစ်လုံးဆို တစ်လုံးအလိုက် အရသာက ထူးကဲလွန်းသည်။
အခုလို ဆောင်းရာသီမျိုးမှာ လိမ္မော်သီးတွေ လှိုင်လှိုင်ပေါ်ချိန်မို့ စိုက်ခင်းတွေ တောင်ယာခြံတွေမှာ ကုန်သည် ပွဲစားတွေ ဥဒဟိုဖြစ်နေ တတ်သည်။ ပန်းသီး၊ မက်မန်းသီး၊ သစ်တော်၊ မက်ခေါက်၊ သစ်ကြား သီး၊ စတော်ဘယ်ရီ စသည့် သီးနှံ တွေ မှာလည်း ရာသီပေါ်ချိန်မို့ စိုက်ခင်းရှင်တွေ ခြံ အလုပ်သမား တွေ ဝင်ငွေကောင်း ချိန် လည်း ဖြစ် ပြန်သည်။
နံနက် မိုးလင်းသည်နှင့် ချမ်းစိမ့်စိမ့် အအေးဒဏ်ကို အန်တု ကာ ဖြူဖွေး ပိတ်မှောင်နေသည့် မြူလွှာတိမ်ဆိုင်တွေ အကြား တိုးဝှေ့ဖြတ်ကျော်ရင်း ပလိုင်းကိုယ် စီဖြင့် တောင်ယာ စိုက်ခင်း အလုပ် ဆင်းကြသည့် မိမိတို့ ရှမ်းတိုင်းရင်း တွေ၏ ဘဝအားမာန်ကို လေးစား ဂုဏ်ယူရသည်။
တချို့ ဆိုလျှင် ရွာနှင့် အလွန် အလှမ်းဝေးလှသည့် တောင်ထိပ် ပိုင်းခြံတွေမှာ အလုပ်ဆင်းရသည်။ တောင်တွေအဆင့်ဆင့်ကို ဖြတ် ကျော်ခရီးနှင်ရသည်။ နေဝင်မိုးချုပ် သည် အထိ တောင်တွေပေါ်တက် ရဆင်းရသည်။ သို့ပေသိ သူတို့ တွေမှာ ပင်ပန်းလို့ စိတ်ပျက်သည် ဟူ၍ မရှိပေ။ လောကကပေးသည့် အသိနှင့် သဘာဝ ကပေး သည့် နေရာမှာ ရိုးရာအတိုင်း ပျော်မွေ့ တတ်ကြသည့် ရှမ်းတိုင်းရင်းသား များပင်ဖြစ်၏။
သူတို့၏ စိတ်ဓာတ်တွေမှာ အလီလီရစ်ဆိုင်းနေသည့် မြူနှင်း များကဲ့သို့ ဖြူဖွေး စင်ကြယ်လွန်း သလို သူတို့၏ သွေးသည်လည်း ကမ်းပါးယံထက် များမှာ ငွားငွားစွင့် စွင့် ဖူးပွင့်ကြသည့် တောင်ဇလပ် များကဲ့သို့ ရဲရဲတောက်နီမြန်းလွန်း တော့သည်။
”စိုက်ပျိုးရေး Junction Square တွေ ဆင်းမယ်”
စပယ်ယာ၏ သတိပေးစကား ကြောင့် ရင်မှာ ပိုက်ထားမိသော ကြိမ်ခြင်းတောင်း ကို အဒေါ်ကြီး လက်ထဲ ပြန်ပေးစဉ် ရင်အတွင်း မှာ ဟာခနဲဖြစ်သွားရသည်။
”ကျေးဇူးပါကွယ်”
နှုတ်ဆက် စကားကိုပင် မကြားမိလောက်အောင် ကြိမ်ခြင်း တောင်းလေးအား ကျွန်တော် ထပ်မံ ငေးမိသွားပြန်သည်။ တစ်ခဏ တာ ရင်းနှီးမှုသည် ကျွန်တော်နှင့် ကြိမ်ခြင်းတောင်းလေး တို့အပေါ် သံယောဇဉ်တွယ် ရလောက်အောင် ဖြစ်၏။ အကြောင်းမှာ ကျွန်တော် သည် ကြိမ်ခြင်း ဝါးနှီးခြင်းလေး များ နှင့် အကျွမ်း တဝင် ရင်းနှီးခဲ့ဖူးသူ ဖြစ်ခြင်းကြောင့်ပင်။
ကြိမ်ခြင်းလေးများကို ကျွန်တော် ကိုယ်တိုင်က မြတ်နိုး တွယ်တာ လှသလို ခြင်းလေး တစ်လုံးဖြစ်ဖို့ ကိုယ်တိုင် လည်း ပါဝင် အားထုတ်ခဲ့ဖူးသေးသည်။ ကြိမ်၊ ဝါးနှီး စသော အရာ များဖြင့် ပုံသဏ္ဌာန် အမျိုးမျိုး ရက်လုပ်ကြ သော လက်မှု ပညာသည် ရှမ်း တိုင်းရင်းသား တို့၏ ရိုးရာထုံးတမ်း အစဉ်လာ ယဉ်ကျေးမှုတစ်ခုပင် ဖြစ်သည်။
ယခုလိုအချိန် နံနက်ခင်းပိုင်း များတွင် အိမ်ရှေ့က တောင်ဇလပ် ပင်အိုကြီးအောက် ထင်းရူး မီးဖို လေးဘေးမှာ အမေအို တစ်ယောက် နှီးတောင်းတွေ ရက်နေမှာ သေချာ သည်။ တစ်ချိန် တစ်ခါတွေတုန်းက တော့ အမယ်အိုကြီး၏ ဘေးမှာ နှီးပင်တွေကို ဓားငယ်လေးတစ် လက်ဖြင့် ကူဖြာနေတတ်သည့် လူငယ်လေး တစ်ယောက် ရှိခဲ့ဖူး သည်။ နှီးတောင်းတွေ ဖြာယှက်ရာ တွင် တွေ့ရာဝါးကို ခွဲခြမ်းပြီး ဖျာယှက်၍ မရပေ။ နှီးယှက်ဝါး၊ တောင်းယှက်ဝါးဟု ရှမ်းရိုးမမှာ သီးသန့်ခေါ်ဝေါ် အသုံးပြုကြ သည်။
ထိုနှီးဖျက်ဝါးများဖြင့် ကျဉ် တောက်ပြုလုပ်ပြီး ကောက်ညှင်း ဆန်များထည့်ကာ ပေါင်းတင်း ဖုတ် စားကြသည်ကလည်း ဓလေ့တစ်ခု ပင်ဖြစ်သည်။ သင်းမွှေး လှသော နှီးယှက်ဝါးရနံ့နှင့် ကောက်ညှင်း ငချိတ်ရနံ့တို့ရောသမမွှေကာ ထူးခြားလွန်းသည့် ဓလေ့စာအဖြစ် လူသိများလေသည်။
ကျွန်တော် ငယ်ငယ်ကလေး အရွယ် မှာတော့ နံနက်စာ ဆိုလျှင် ထမင်းလုံးဝ စားလေ့မရှိပေ။ ပေါင်းတင်း၊ ခေါပုတ်၊ သို့မဟုတ် ကောက်ညှင်းမုန့် တစ်ခုခုသာစား ပြီး ကျောင်းသွားရသည်။ ဟိုးခပ်ဝေးဝေးက စိမ်းညို့ညို့ တောင်ကမ်းပါးစွန်း မှာ ရောင်နီပျို့ လာသည်နှင့် ကျောင်းသွားဖို့ အချိန်တန်ပြီမို့ မှာတမ်း အဆင့်ဆင့် ချွေသော အမေ့ စကားတွေက နိစ္စဓူဝ တစ်ခုပင်။ ကျောင်းသွားချိန် နံနက် ၈ နာရီကျော်သော်လည်း မြူများက ပိန်းပိတ်အောင် မှောင် ဆဲမို့ ဓာတ်မီးကို အမြဲ အားကိုးရ သည်။ ဆောင်းတွင်း မီးဖိုလေး၏ ဘေးမှာ ဂုန်နီအိတ်တွေ ခင်းပြီး စာထိုင်ကျက် ခဲ့ရသည့် ငယ်ဘဝရဲ့ အနှစ်သာရ များကို မေ့ဖို့တော့ အတော်လေး ခက်ရသည်။
အခုများတော့ အမေ့အိမ်အို လေးမှာ တေးသံတွေလည်း တိတ် ခဲ့ရသလို စာကျက်သံတွေ လည်း အိပ်စက်ခဲ့ ရချေသည်။ အိမ်အိုလေး မှာ အမေ တစ်ယောက်တည်း ဘယ်သူ့ ကို တမ်းတလွမ်းနေမလဲ တော့ ကျွန်တော် မတွေးတတ်ပေ။ ရေခြားမြေခြား သို့ ရောက်နေသည့် ကိုကို့ အကြောင်းတွေလား။ အိမ် ထောင်ပြုကာ သျှောင်နောက် ဆံထုံး ပါသွားတဲ့ မမထံများလား။ ဒါမှမဟုတ် မဟာ ရန်ကုန်၏ ဘဝ ရောင်စုံ၊ လူရောင်စုံတွေ အကြား တိုးဝှေ့ရုန်းကန်နေရသည့် ကျွန်တော့်ထံများလား။
‘မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်’ ဆို သည့် ဝေါဟာရ စကားလေးကို အမှတ်ရမိတော့ ကြက်သီးများ ဖျန်းရလောက်အောင် ကျွန်တော် ကြောက်ရွံ့ မိပါသည်။ တဖျောက် ဖျောက်ကြွေနေမည့် နှင်းစက်ကြွေ သံတွေနှင့် တောင်ပြန်လေညင်း တို့၏ တရှဲရှဲ တိုးဝှေ့ဆို ညည်းသံ တွေအကြား အမေ့ရဲ့ငိုသံ များ ရောစွက် မသွားပါစေ နဲ့လို့ ကျွန်တော် ဆုတောင်းမိသည်က အခါခါရယ်ပါ။
နေရသည်က ရေမီးအပြည့် အစုံနှင့် လွတ်လပ် လုံခြုံသည့် တိုက်ခန်းဆိုပေမဲ့ အမေ့ရင်ခွင်၊ အဖေ့လက်ရာ ပျဉ်အိမ်အိုလေး မဟုတ်တော့ ရံဖန်ရံခါ အကျဉ်း စံ နေရသူပမာ ဖြစ်တော့သည်။ ပေါ့ဖွယ်ဖွယ် ဗမာဆန်ကို စားရ သည့် အခါတိုင်း စီးစီးနင့်နင့်ရှိလှ သည့် ကောက်ညှင်းရှမ်း ဆန်ကို လွမ်းရပြန်သည်။ ခေတ်မီအစား အသောက်တွေက အလျှံအပယ် ပေါပေမဲ့ ကျွန်တော်သိပ်ကြိုက် သည့် ခေါပုတ်ကလည်းမရှိ၊ ပေါင်းတင်းကလည်း မရှိပြန်ချေ။ ရှမ်းမုန်ညင်းချဉ်ကလည်း ရှာမရ သလို ပဲပုတ် ဆိုသည်က သာ၍သာ အလှမ်းဝေးသေးသည်။
ထမင်းပွဲတိုင်းပါနေကျ အမေ့ လက်ရာ ဆွမ်ထန် ဟင်းချိုလေးနှင့် ပဲပုတ်ငရုတ်သီးထောင်း ကို အစ်ကို နှင့်ကျွန်တော် အလုအယက်ဟင်း ခတ်ခဲ့ကြသည့် အဖေ့လက်ရာ ကျွန်းစားပွဲလေးမှာ အခုဆို အမေ တစ်ယောက်တည်း ခြောက်သွေ့ လွန်းသော ထမင်းဝိုင်းလေး ဖြစ် နေမည်ထင်သည်။
ဆောင်း၏ အငွေ့အသက် တွေကို ထိတွေ့ရတိုင်း မိသားစု တွေ အတူဆိုခဲ့ဖူးသည့် ကလေး ဘဝတေးတွေကို ပြန်ကြားမိတော့ ကျွန်တော့်ရင်တွေ ကွဲတော့သည်။ ရိုးရာ ပွဲတွေနှင့် အိုစည်သံတွေ ဗေထီးညံနေမည့် မှိုင်းညို့ညို့ ရှမ်းတောင်တန်း တစ်နေရာကို အပြေးအလွှား ပြန်ချင်စိတ်တွေ ဖြစ်ပေါ်တိုင်းလည်း ကိုယ့်ကိုယ် ကိုယ် နောင်တ ရချင်သလို ရှိလာ သည်။
အပြောကျယ်၍ အဆုံးမရှိ သော ကောင်းကင်ပြင်ကြီး ထဲသို့ တိုးဝှေ့ပျံဝဲဖို့ အတ္တတိမ်ပျို ကျွန်တော် တောင်တန်းအို တစ်ခုကို ကျောခိုင်းခဲ့စဉ်က ပုံရိပ်တွေကို မြင်ယောင် မိတော့ ကျွန်တော့်စိတ် အစဉ်သည် အတိတ်ရပ်ဝန်းတွေ ဆီ စုန်ချည် ဆန်ချည်ကူးခပ်လို့ သွားလေသည်။
(၃)
”ဟယ်… နှမြောစရာ ကောင်းလိုက်တာ ကိုလတ်ရယ်၊ ဘာဖြစ်လို့ ထွက်မှာလဲ။ ဒီအခြေ အနေရောက်ခဲ့ပြီးမှ နောင်တစ်ချိန် နင် ဒီအလုပ်ပြန်လုပ်ချင်တယ်ဆို ရင်တောင် ဒီလိုနေရာ၊ ဒီလိုရာထူး ကို တော်ရုံနဲ့ရမှာ မဟုတ်တော့ဘူး။ နှစ်နဲ့ချီပြီး လုပ်ခဲ့တဲ့ ကိုယ်တွေကို ကုမ္ပဏီကလည်း ယုံကြည်လွန်းလို့ မျက်နှာလွဲနေပြီပဲဟာ။ ပြီးတော့ ပေးထား တဲ့ရာထူးနဲ့ လစာဆိုတာ ကလည်း ဘာမှပြောစရာလိုတာ မဟုတ်ဘူးလေ။ ငါ့သဘောက တော့ နင့်ကို မထွက်စေချင်ဘူး MD ကလည်း နင့်ကို အားကိုး လို့ နိုင်ငံခြားကို လွှတ်ဖို့ စီစဉ်ပေးထား တာပဲ”
နှမြော တသသော မျက်ဝန်း တွေနှင့် ကြေကွဲ ရိဆွေးစွာပြောနေ သော မဇင်၏ စကားတွေက ကျွန်တော့် အကြားအာရုံမှာ ဝိုးဝိုး ဝါးဝါးဖြစ်နေခဲ့သည်။ တွန့် ဆုတ် တွေဝေလွန်းသည့် စိတ်တွေ ရောထွေး မွန်းကျပ်နေ လို့ပဲလား။ ရဲရင့်ပြတ်သား လွန်းသော ဆုံးဖြတ် ချက်တွေက ခိုင်မာမြဲမြံနေ လို့ပဲ လားတော့ မသိပေ။ မဇင်စကား သံတွေ က ကျွန်တော့် အကြားအာရုံ ကို ဝင်ရောက်စွက်ဖက်လာခြင်း မရှိချေ။
ကုမ္ပဏီ တစ်ခုတည်း တစ်ရုံး တည်းမှာ တာဝန် အသီးသီးကို နိစ္စဓူဝ အတူလက်တွဲ လုပ်ကိုင်ခဲ့ဖူး သူမို့ တစ်ဦးပေါ် တစ်ဦး မောင်ရင်း၊ နှမရင်း သဖွယ် ချစ်ခင် တွယ်တာ တတ်သည့် မဇင်အား ကျွန်တော် အလွန်ပင် လေးစားမိပါသည်။ ကျွန်တော် အလုပ်ထွက်မည်ဟု စပြီး အသိပေးသည့်နေ့က သူငယ် ချင်းများ အားလုံးက ဝိုင်းပြီး ကျွန်တော့်ကို အံ့သြကြသည်။ နည်းလမ်းအမျိုးမျိုးဖြင့် တားကြ သည်။
”နို့ ဒါနဲ့ နေပါဦး၊ ကိုလတ်က ဒီအလုပ်က ထွက်မယ်ဆိုတော့ ဒီထက်ကောင်းတဲ့ အလုပ်ကို ပြောင်းမလို့လား”
ကျွန်တော် ခေါင်းကို ဖြည်းညင်းစွာ ရမ်းခါပြလိုက်စဉ် အားလုံးက ဝိုင်းပြီး အံ့သြဘနန်း ဖြစ်ကြပြန်သည်။
”ဟင့်အင်း … ရွာပြန်မှာ ပါ”
”ဟေ …”
အာမေဍိတ်သံမျိုးစုံနှင့် အဓိပ္ပာယ်ပေါင်းစုံသော မျက်ဝန်း တွေက ကျွန်တော့်ထံစုပုံပြီး ကျလာ ခဲ့သည်။ အားလုံး၏ ရှေ့မှာ ကျွန်တော်ဟာ ပဟေဠိပုစ္ဆာတစ်ပုဒ် သဖွယ်ဖြစ်၍ အားလုံးက အဖြေ ကို ငံ့လင့်နေကြ၏။
”မင်း ရွာမှာက ဒီထက်ကောင်း တဲ့ အလုပ်က ရှိလို့လား”
သူငယ်ချင်း ကိုမင်းက သိလို ဇောဖြင့် ဝင်မေးတော့ ကောင်တာ ကမအိကလည်း အားကျမခံချေ။
”အေးလေ နင်က ရွာပြန်ပြီး ဘာလုပ်မှာလဲ”
”ကျောင်းဆရာ”
”ဟေ … တကယ်”
ကျွန်တော် နှုတ်မှထွက်သွား သော တိုတောင်းလွန်းသော အဖြေစကားတစ်ခွန်း၏ နောက် တွင် မြောက်မြားစွာသော အာမေဍိတ်စကားသံများက ဆူညံ လို့ သွားခဲ့သည်။ အံ့သြသော အကြည့်များ၊ အထင်သေးသော အကြည့်များ၊ သရော်သောအကြည့် များနှင့် ဝေခွဲရခက်ခဲသောအကြည့် ပေါင်းစုံက ကျွန်တော့် ထံပါး ဖြန့်ကျက် ပျံဝဲ၍နေ သည်။
”အမယ်လေး ငါ့မောင်ရယ်၊ လစာလေးတစ်ပဲ ခြောက်ပြား နဲ့ ထီးဖြူ ဖိနပ်ပါးမယ့် အစိုးရ လခစား များ နင်မို့လုပ်ချင်တယ်၊ အစ်မဖြင့် ကိုယ့်နားကိုတောင် မယုံချင်ဘူး”
”အေးလေ ဟယ်”
”ဒါနဲ့ ဖြူကရော ဘယ်လိုလဲ သဘောတူရဲ့လား”
မဇင်ဝင်မေးလာသည့် စကား တစ်ခွန်းကြောင့် ကျွန်တော် တုံ့ခနဲ တွေဝေလေးလံသွားရသည်။ ဖြူ ဟုတ်သည်ပဲ။ ဒီကိစ္စနှင့် ပတ်သက် ပြီး သူ့ကို ကျွန်တော် လုံးဝအသိ မပေးရသေးချေ။ အသိမပေးရက် သေးတာဆိုလျှင် ပို၍မှန်မည်။
ကျွန်တော်၏ ဆုံးဖြတ်ချက် တွေက ဖြူအပေါ် ရက်စက်ရာ ကျလွန်းနေမည်လားတော့ မဝေခွဲ တတ်ပေ။ သူ ကျွန်တော့်ကို နာကြည်းသွားမည်လား၊ မုန်းတီး သွားမည် လား။ ဖြူ့ဆီက တုံ့ပြန် လာမည့် တစ်စုံတစ်ရာအပေါ် ကျွန်တော် ခံနိုင်ရည်ရှိလိမ့်မည် မထင်ပေ။
နှစ်နှစ်ကျော်မျှသော ကာလ ဝန်းကျင်မှာ မေတ္တာသက်ဝင် ချစ်ခင်ခဲ့ဖူးသည့် ချစ်သူတစ် ယောက်ကို ဖယ်ခွာ ထားရစ်ခဲ့ရမှာ ကျွန်တော် သေမတတ် ကြောက်ပါ သည်။ သို့ပေမဲ့ ကျွန်တော့် အတွက် က သေချင်းကပင် ပို၍မွန်မြတ် ပေလိမ့်မည် ထင်၏။ ဘဝခရီးလမ်း ဟာ အနိမ့်မြင့်အတက် ကျများပြီး ခက်ခဲကြမ်းတမ်းလှသလို လမ်း သွယ် များလည်း ပေါသည်ဟု တွေးတော သိမြင်မိစဉ် ကျွန်တော့် မှာ လမ်းဆုံ လမ်းခွတစ်ခု ကို ရောက်နေခဲ့သည်။
ဘယ်လမ်းဟာ ဆူးခင်းလမ်း လဲ၊ ဘယ်လမ်းဟာ ပန်းခင်းလမ်း လည်း ဆိုတာ ကျွန်တော် မခန့် မှန်းတတ်ပေ။ ဖြစ်ချင်တာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို နံပါတ် တစ်ဦး စားပေး ရသည့်ဘဝ၌ ရွေးချယ်စရာ နှစ်ခု ပေးလာသည့် လောကဓံ တရားကိုပဲ ကျေးဇူးတင် ရမည် ထင်သည်။
သားရွှေအိုးထမ်း လာသော အဖြစ်မျိုးကို ကြုံကြိုက်ခွင့် မရှိ သော ကျွန်တော့်ဘဝမှာ ဘယ် အခါမှ နှစ်ခု မရတတ်သည့် ကံကြမ္မာကို အတတ် သိပြီဖြစ်လို့ တစ်ခုခုကိုသာ အသေ အချာ ရွေးချယ်ရတော့သည်။
လွမ်းမောဖွယ်ရာကောင်း လွန်းလှသည့် ညို့မှိုင်းရီပြာနေ သော ရှမ်းတောင်တန်း ထီးထီးကြီး နှင့် သာယာဖြောင့်ဖြူးမည် ထင်ရ သော အချစ်ခရီးလမ်း တို့က ကျွန်တော်ခေါင်းတွေ ရှုပ်ထွေး တွေဝေ ရလောက်အောင် အသီးသီး ညို့ငင်ကြသည်။
”လကုန်မယ့်ရက်လည်း နီးလာပြီ ဖြူ။ ကိုယ်တို့နှစ်ယောက် ဘဝရှေ့ရေး အတွက် တစ်ခုခုကို တိုင်ပင် ဆုံးဖြတ်ရအောင်လေ”
ဖြူက ကျွန်တော်၏ မျက်နှာ ကို ရွှန်းရွှန်းစားစား စိုက်ကြည့်ရင်း ညှိုးရော် ရီဝေသော မျက်နှာဖြင့် တိုးညင်းစွာ ပြန်မေး၏။
”ကိုက ဘာတွေ စဉ်းစားထား လို့လဲဟင်”
”ကိုယ်လည်း ဘာမှ မဆုံး ဖြတ်တတ်လို့ ဖြူ့ကို တိုင်ပင်တာပါ။ ကွာဟနေတဲ့ အခြေအနေမှာ တိုင်ပင် ညှိနှိုင်းမှုလေးတော့ ရှိသင့် တာပေါ့”
ဖြူက ကျွန်တော်၏ အကြည့် တွေကို သရော်ဟန်ဖြင့် မဲ့ပြုံးပြုံး ရင်း မျက်နှာပေါ်မှာ ဝဲကျနေသည့် ဆံပင်တွေကို ခါထုတ်ပစ်လိုက် သည်။
”ဖြူတို့နှစ်ယောက်ရဲ့ အချစ် တွေကို ဒီနေ့ပဲ စခန်းသိမ်းလိုက်ရ အောင်လို့ ကိုက ပြောစေချင်တာ လား”
”မဟုတ်ဘူး ဖြူ၊ လုံးဝမဟုတ် ဘူး”
ကျွန်တော် အသွင်သွင်ငြင်းခါ ရင်း ဖြူ့မျက်နှာကို ပင့်မော့ယူလိုက် စဉ် မျက်ရည်စတွေ စိုရွှဲနေချေပြီ။
”ဘာလဲ ဖြူ့ကို ဒီထက်ပိုပြီး ခံစားစေချင်သေးလို့လား”
ဖြူ၏ အမူအရာက အရမ်းပင် တုန်လှုပ်နေသလို ရုပ်ပျက်ဆင်း ပျက်နိုင်လှသည်။ နှစ်ဦးစလုံး နာကျင်ကြေကွဲနေရမှန်းသိသော် လည်း ဖြူ့အမူအရာက ပူလောင် လှုပ် ခတ်နေသော ကျွန်တော့်ကို စိုက်ကြည့်ရင်း မျက်ရည်များသွန် ချသလို စီးဆင်းနေ၏။
”ကိုယ် မဆုံးဖြတ်ရက်လွန်း လို့ ဖြူ့ကို တိုင်ပင်တာပါ။ ဖြူ့ကို ကိုယ်သိပ်ချစ် ခဲ့ပါတယ်။ ပါးစပ်က ပြောပြနိုင်တာထက် ပိုချစ်ခဲ့တယ်။ မဖြစ်နိုင်မှန်း သိနေလျက်နဲ့ သတိ နဲ့ ထိန်းချုပ်နေတဲ့ ကြားက မရှောင် နိုင်ခဲ့တာ ကိုယ့်အပြစ်တွေပါ။ နှလုံးသား ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ လို့ စွတ်တိုးပြီး မိုက်ခဲ့မိတာ။ ဖြူ အခုလို ထိခိုက်ကြေ ကွဲနေတာ မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် ခွင့် မလွှတ်ချင်တော့ဘူး”
အတန်ကြာ ငိုကြွေးပြီးသော ဖြူက တဖြည်းဖြည်းနှင့် အရှိန် လျော့သွားပြီး တစ်သျှူးများ ထုတ်၍ မျက်ရည်များကို သုတ်၏။ ပြီးလျှင် ကျွန်တော့် မျက်နှာကို စိုက် ကြည့် နေပြန်သည်။ သို့သော် ဘာမှ မပြောပေ။ ပြီးမှ ဆုံးဖြတ်ချက် တစ်ခု ကို ခိုင်ခိုင်မာမာ ချပြီးသော တင်းမာပြတ်သား သည့် လေသံ ဖြင့်
”ဖြူပြောတာ သေချာ နားထောင်ပါကို၊ ဖြူကလည်း ကို့ဘဝထဲကို ဝင်မလာနိုင်သလို ကိုကလည်း ဖြူ့ဘဝထဲကို တိုးဝင်လို့ မရတဲ့ အခြေအနေမှာ ဖြူလည်း ဘာမှ မဆုံးဖြတ် တတ် တော့ဘူး။ ဒီတော့ အရာအားလုံး ကို ကိုပဲ ဆုံးဖြတ်ပါ။ ရော့ … ဒီစာအိတ် အဝါလေးထဲမှာ စနေနေ့ သထုံကိုသွားမယ့် ကားလက်မှတ် တစ်စောင် ရှိတယ်။ အစ ကတော့ မေမေတို့ ရှိတဲ့ သထုံကို ကိုနဲ့အတူ အလည် သွားဖို့ ဖြူ ဆုံးဖြတ်ထားခဲ့ တာ။ ဟိုရောက်မှ မေမေ နဲ့ ကို့ကို တွေ့ပေးပြီး ဖြူ တို့ရှေ့ရေး ကို ဆွေးနွေး ဖို့ပါ ပဲ။ ဖြူပြောပြောလွန်း လို့ မေမေကလည်း ကို့ကို တွေ့ချင် နေတယ်။ ဒါပေမဲ့ အခုတော့ ကိုပဲ ဆုံးဖြတ်ပါ။ ရွေးချယ်ပါ။ ကို့ရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ဖြူခံနိုင်ရည် ရှိအောင် ကြိုးစား ထားပါမယ်။ ဖြူ သွားတော့မယ်”
စာအိတ်အဝါလေးကို ကျွန်တော့်လက်ထဲ ထိုးထည့်ကာ ချာခနဲ လှည့်ထွက်သွားသော ဖြူ့ ကျောပြင်ကို ကြည့်ရင်း ကျွန်တော့် အာရုံတွေမှာ အတွေးတိမ်တိုက်များ တစ်အုပ်ပြီးတစ်အုပ် ပြေးလွှားလို့ နေသည်။ ဒါဟာ နောက်ဆုံး အကြိမ် နှုတ်ဆက်ခြင်းများ ဖြစ်နေ မလား။ သို့မဟုတ် တစ်ခဏတာ ခွဲခွာခြင်းပဲ ဖြစ်ခဲ့မလား။ မဝေခွဲ တတ်ပေ။
တကယ်တမ်း တစ်ခုခုကို ရွေးချယ်ရသည့်အခါမှာ ကျွန်တော် အလွန်ပင် နာကျင်ရတော့သည်။
”လူတွေအားလုံးဟာ တစ်ချိန် ချိန်မှာတော့ ကိုယ့်ရဲ့မွေးရပ်မြေ ကို စွန့်ခွာရစမြဲပဲသား။ တချို့က နေရာသစ်တွေ ဆီကနေ ပြန်လာ ပြီး ကိုယ့်ဒေသမှာ အကျိုးပြုတဲ့ လုပ်ငန်းတွေနဲ့ ပျော်မွေ့ကြတယ်။ တချို့ကတော့ ပြန်မလာကြတော့ ဘဲ မြို့ကြီးတွေမှာ အခြေချရင်း ဇာတိမြေကို မေ့သွားကြတယ်။ ဒါပေမဲ့ ပြန်လာလို့ မဖြစ်တဲ့လမ်းမှ မဟုတ် ဘဲလေ။ လောကမှာ လူနှစ်မျိုးနှစ်စား ရှိတယ်သား။ လောကကြီးရဲ့ ပြုပြင်ပြောင်းလဲ ခြင်းကို ခံရသူနဲ့ လောကကြီးကို ပြုပြင်ပြောင်းလဲနိုင်သူ ဆိုပြီး နှစ်မျိုး ရှိတယ် သား။ အဲတော့ သားက ဘယ်လိုလူမျိုးဖြစ်ချင်လဲ”
ကန်ရေပြင်မှာ ဝေ့ဝဲတိုက် ခတ်နေသော လေညင်း တို့နှင့်အတူ တစ်ချိန်က မေမေ့ စကားသံတွေ သည် ကျွန်တော့်ထံ တိုးဝင်လို့လာ ၏။ လေရူးကြောင့် တလူးလူး လွင့် ကြွေနေသည့် ခရေတို့မှာလည်း ကျွန်တော့်ကို ပမာပြုနေသယောင်။ ကန်ရေပြင်ပေါ် ထိုးစိုက်ခုန်ဆင်း နေသည့် ဆည်းဆာနေခြည်တို့မှာ လည်း ကျွန်တော့်ကို ရယ် သွမ်း နေသယောင် သေချာတာတစ်ခုမှာ လောကကြီးက ကျွန်တော့်ကို စိုက် ငေးကြည့်နေမည် ထင်ပါသည်။
ယနေ့ ရန်ကုန်၏ ဆောင်း နံနက်ခင်းက ဘာကြောင့်မှန်းမသိ မြူတွေ တဖွဲဖွဲကျလာအောင် ဆောင်းပီသကာ ချမ်းအေးနေ သည်။ ပြတင်းတံခါး ကနေ ပြည် လမ်းမပေါ် ငုံ့ကြည့်မိ စဉ် လူများကို ကားမှတ်တိုင်မှာ အုပ်လိုက်မြင်နေ ရသည်။ ဘတ်စ်ကားယာဉ်လိုင်း များသည်လည်း ဥဒဟိုရွေ့လျား သွားလာ လို့နေသည်။ ငေးကြည့်နေ စဉ် မျက်ဝန်း ထဲ ပြေးဝင်လာသည် က ၅၁၊ ၂၃၁ ဘတ်စ်ကားများပင် ဖြစ်၏။ ဒီနေ့တော့ ခါတိုင်းနေ့တွေ လို ကျွန်တော် ရုံးတက်စရာ မလို တော့ချေ။ ပိတ်ရက်လားဟူ၍ လည်း မဟုတ်ပြန်ပေ။
ကျွန်တော် ခပ်ဝေးဝေးခရီး တစ်ခုကို ထွက်ခွာဖို့ ပစ္စည်းများကို စုံလင်စွာ ထည့်သွင်း ထုတ်ပိုးနေမိ သည်။ နှစ်နှစ်တာ ကျွန်တော် နေထိုင်ခဲ့သည့် တိုက်ခန်းလေး သည် ကျွန်တော့်ကို ကြေကွဲစွာ နှုတ်ဆက်နေသည် ထင်၏။ အဆုံး မသတ်ရသေးသည့် ဒိုင်ယာရီ စာအုပ်နှင့် ကိုယ်ရေးမှတ်တမ်း စာအုပ်များကို လက်ဆွဲအိတ် အတွင်း အလိုလိုထည့်ဖြစ်သွား သည်။
ဒိုင်ယာရီ စာအုပ်အကြားမှ စာအိတ်အဝါရောင်လေးကို ထုတ် ထုတ်ကြည့်မိတိုင်းလည်း ယင်း စာအိတ်လေးအား ယူဆောင်သွား ရမလား။ ထားရစ်ခဲ့ရမလား။ ကျွန်တော် ဝေခွဲတွေဝေနေမိပါ သည်။
ဟိုဒီပြေးလွှားနေသော တိမ်အုပ်တို့သည် ချောက်ကမ်းပါး စွန်းတွင် ရပ်နေသော ကျွန်တော့် အား ဝင်တိုက်ကာ တိုးဝှေ့ဖြတ် ကျော်ကုန်ကြသည်။ ညကောင်း ကင်၌ လျှပ်စီးအလင်းများက ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်လာ ပြီး ဆူညံနက်ချုန်းလှသော မိုးချုန်း သံကြီးကြောင့် ကျွန်တော် ခြေအစုံ ရပ်နေသော တောင်စွယ်ကြီးတစ်ခု လုံး တုန်ရီလှုပ်ရှားသွားခဲ့သည်။
ရုတ်တရက်ဆိုသလို ဟိုဝေး ဝေးက ငှက်ဆိုးအော်သံများကို လည်း စူးဝါးကျယ်လောင်စွာ ကြားလိုက်ရသည်။ သူတို့တစ်တွေ ကျွန်တော့်ကို လာခေါ်နေကြပြီ ထင်၏။ ကျွန်တော် လိုက်သွားရ မည်လား။ သို့မဟုတ် နေရစ်ခဲ့ရ မည်လား။
ကျွန်တော်ချစ်သော စာသင် ကျောင်းကလေးနှင့် ချစ်ရသည့် တပည့်များကို ဘယ်လိုခွဲထားနိုင်ခဲ့ ပါမည်နည်း။
မြင့်မိုရ်ကျော်လင်း (မိုးမိတ်)