![thinmyatko]()
ရှန်တာမှာ သူ့အတန်းထဲ ဆက်ပြီး နေနိုင်စွမ်း မရှိတော့ဘဲ ဖြစ်နေသည်။ ထိုမိန်းကလေးက ရွှံ့ပုံစံငယ် အရုပ်လေးတွေ လုပ်ပြီး သွားပြီ။ ဂီတ လေ့ကျင့်ခန်း နံပါတ် အပိုင်း အစလေး တွေ လုပ်ပြီးသွားပြီ။ လက်ရှိ အချိန်မှာ အရောင် ရှိသည့် စက္ကူကို သူညှပ်နေလျက် ရှိသည်။ ထိုစက္ကူ ညှပ်နေရသည့် အလုပ်ကို ကျောင်းဆင်း ခေါင်းလောင်းလို သူ့ဆရာမ က ”ကဲ မင်းတို့ အားလုံး အိမ်ပြန်နိုင်ပြီ” သို့မဟုတ် ”ကတ် ကြေးတွေ သိမ်းပြီး မင်းတို့ အက္ခရာ စာလုံးတွေ လက်စသတ် လိုက်ကြ တော့” ဟု မပြောသေး မချင်း လုပ် နေရဖို့ ရှိနေသည်။ ရှန်တာမှာ အချိန် သိချင်စိတ် မထိန်းနိုင်အောင် ဖြစ်နေ၏။ သူ့ဘေးမှာ ထိုင်နေသည့် သူ့သူငယ်ချင်း ကို သူ မေးကြည့် လိုက်သည်။
”ခု ငါးနာရီထိုးလားဟ”
”ဖြစ်နိုင်တယ်”
”ဒါမှမဟုတ် ခြောက်နာရီများ လား”
”ဒီလိုတော့ ငါ မထင်ဘူးဟဲ့။ ဘာဖြစ်လို့တုံးဆိုတော့ ခြောက်နာရီ မှာ ညရောက်လာပြီလေ”
”ငါးနာရီလို့ နင်ထင်သလား”
”ဟုတ်တယ်”
”ဟာ … ငါသွားမှဖြစ်မယ်။ ခုဆို ငါ့ အဖေ အိမ်ပြန်ရောက်နေ လိမ့်မယ်။ အဖေက ငါ့ကို ငါးနာရီ မှာ အသင့်ဖြစ်နေဖို့ မှာထားခဲ့တာ။ အဖေက ဒီညနေ ငါ့ကို ရုပ်ရှင် လိုက်ပို့ မှာ။ ငါ အိမ်ပြန်ရမယ်”
ရှန်တာက သူ့ကတ်ကြေးကို ပစ်ချထားပြီး ဆရာမဆီ ပြေးသွား လိုက်သည်။
”ဆရာမ ကျွန်မ အိမ်ပြန်မှ ဖြစ်တော့မယ်”
”ဘာဖြစ်လို့လဲ ရှန်တာ”
”ဘာဖြစ်လို့လဲဆိုတော့ ခု ငါးနာရီဖြစ်နေလို့ပါ”
”ငါးနာရီပါလို့ မင်းကို ဘယ်သူ ပြောလဲ”
”ကာမလာ”
”ခု ငါးနာရီ မဟုတ်ပါဘူးဟဲ့။ ဟိုမှာ နာရီကြီး။ မင်း မမြင်ဘူးလား။ ဘယ်နှနာရီလဲ။ ဆရာမကို ပြောပြ စမ်း။ တစ်နေ့ကပဲ နာရီ ကြည့်တာ သင်ပေးခဲ့သေးတယ်”
ရှန်တာက ခန်းမထဲမှ နာရီကြီး ကို မတ်တတ်ရပ်ပြီး စူးစိုက်ကြည့် လိုက်သည်။ နာရီကြီးပေါ် မှ ဂဏန်း စဉ်တွေကို ခက်ခဲ ပင်ပန်းစွာ ရေတွက်ပြီးနောက် ခပ်တည် တည် ပြန်ပြော လိုက်သည်။
”ကိုးနာရီ …”
ဆရာမက တခြား မိန်းကလေး တွေကိုခေါ်ပြီး မေးလိုက်ပြန်သည်။
”ဆရာမကို ဟိုနာရီကြီးက ပြနေတဲ့ အချိန် ဘယ်သူပြောနိုင် မလဲ”
များစွာသော မိန်းကလေးတွေ မှာလည်း ရှန်တာနှင့် အတူတူဖြစ်ကြ ပြီး ကိုးနာရီ ဟုပင် ပြန်ဖြေကြသဖြင့် ဆရာမ က ထပ်ရှင်းပြရ၏။
”မင်းတို့က လက်တံရှည် ကိုပဲ ကြည့်နေကြတာကိုး။ လက်တံတိုကို ကြည့်ပါဦး။ ဘယ်မှာရှိနေသလဲလို့”
”နှစ်နာရီနဲ့ တစ်ဝက်ပါ”
”ဒါဆို ဘယ်နှနာရီလဲ”
”နှစ်နာရီ နဲ့ တစ်ဝက်ပါပဲရှင်”
”ဒါ နှစ်နာရီလေးဆယ့်ငါး မိနစ်။ နားလည် ကြပြီလား။ ကဲ မင်းတို့ အားလုံး ကိုယ့်ခုံမှာ ကိုယ် ပြန်ထိုင်နိုင်ပြီ”
နောက်ထပ် ဆယ်မိနစ်ကြာ သွားသည့် အခါ ရှန်တာက ဆရာမ ဆီ ပြန်လာပြီး မေးလိုက်ပြန်သည်။
”ငါးနာရီ ထိုးပြီလား ဆရာမ။ ကျွန်မက ငါးနာရီမှာ အသင့်ပြင် ထားဖို့ ရှိနေလို့ပါ။ မဟုတ်ရင်တော့ ကျွန်မ အဖေက ကျွန်မကို အရမ်း စိတ်ဆိုး သွားလိမ့်မယ်။ အဖေက ကျွန်မကို အိမ်စောစောပြန်လာဖို့ မှာထားပါတယ်ရှင့်”
”ဘယ်အချိန်တဲ့လဲ”
”ခုပါပဲ”
ဆရာမက သူ့ကို ပြန်ဖို့ ခွင့်ပြု လိုက်ရသည်။ ခွင့်ပြုချက် ရသည်နှင့် သူ့စာအုပ်တွေ ကောက်သိမ်းပြီး၊ ပျော်မြူးစွာ အော်ဟစ်ရင်း၊ စာသင် ခန်းထဲ ကနေ သူတစ်ချိုး တည်းပြေး ထွက် သွားတော့သည်။ အိမ်သို့ အပြေးအလွှား ပြန်လာပြီးသည့် အခါ၊ သူ့စာအုပ်တွေ ကြမ်းပြင်ပေါ် ပစ်ချ ရင်း၊ သူ့အမေကို အော်ခေါ်လိုက် သည်။
”အမေရေ…၊ အမေရေ …”
သူ့အမေ ကလည်း သူ့သူငယ် ချင်းတွေနှင့် စကား စမြည်ပြောဖို့ ရောက်နေသည့် ကပ်လျက် အိမ်က နေ ပြေးပြီး ပြန်ရောက်လာသည်။
”ဟဲ့ နင်ဘာဖြစ်လို့ ဒီလောက် အစောကြီး ပြန်လာရတာလဲ”
”အဖေ အိမ်ပြန်ရောက်ပြီ လား”
ရှန်တာက မေးလိုက်သည်။ ရှန်တာမှာ ကော်ဖီဖြစ်စေ၊ နေ့လယ် စာဖြစ်စေ စားသောက် မနေတော့ဘဲ ပထမဆုံး အဖြစ် အဝတ်အစား လဲ ထားဖို့ကိုသာ ဇွတ် အတင်းပြော လိုက်သည်။ သူ့အမေက ညနေခင်း အချိန်မျိုးမှာ သူ့ကို စကတ်ရှည်ရှည် နှင့် ကုတ်အင်္ကျီ ထူထူဝတ်စေချင်နေ သော်လည်း သူက သေတ္တာကြီးထဲ မှ အပါးလှပ်ဆုံး ဂါဝန်နှင့် ဘောင်း ဘီတို တို့ကို ထုတ်ယူဝတ်ဆင်လိုက် ၏။ ထို့နောက် ခဲတံလေးတွေ၊ ဖဲ ကြိုးစလေးတွေ၊ မြေဖြူ ခဲလေးတွေ ထည့်ထားသည့် ကတ်ထူ စက္ကူဘူး လေးထဲမှ ဖဲကြိုး လှလှလေးတစ်စ၊ သူ ဆွဲထုတ်လိုက်သည်။ အမေနှင့် သမီးကြားမှာ အဝတ်အစားနှင့် ပတ် သက်ပြီး အပြင်းအထန်အငြင်းအ ခုန်ဖြစ်လိုက်သေး သည်။ နောက်ဆုံး တော့လည်း အမေဖြစ်သူ ကပင် အလျှော့ပေး လိုက်ရသည်။ ရှန်တာ က သူ အကြိုက်ဆုံးဖြစ်သည့် ပန်းနု ရောင် ဂါဝန်လေးကို ဝတ်ဆင်လိုက် သည်။ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ပြီး၊ ထိုကျစ်ဆံမြီးပေါ်မှာ အစိမ်းရောင် ဖဲကြိုးစလေး တလူလူဖြစ်အောင် အလှဆင် လိုက်ပြန်သည်။ ထို့ပြင် သူ့မျက်နှာကို ပေါင်ဒါ ရိုက်ပြီး သူ့ နဖူးပေါ် မှာ ဟင်္သာပဒါး အမှတ်အရာ လေးတစ်ခု ခတ်နှိပ်လိုက်သည်။
”ခုဆို အဖေက ကျွန်မကို ဘယ်လောက် တော်တဲ့သမီးလေးပါ လိမ့်လို့ပြောတော့မယ်။ ကျွန်မက အသင့်ပြင် ထားပြီးသားဖြစ်နေလို့ လေ။ အမေရော လိုက်ခဲ့မှာမို့လား။ ဟုတ်လား အမေ။
”ဒီနေ့တော့ မဖြစ်ဘူး”
ရှန်တာက ဝင်းတံခါးပေါက် ငယ်လေးမှာ ရပ်ပြီး လမ်းကိုမျှော် ကြည့်နေသဖြင့် သူ့အမေက လှမ်း ပြောလိုက်သည်။
”နင့်အဖေက ငါးနာရီ ထိုးပြီး မှ သာပြန်လာမှာ။ နေပူကြီးထဲရပ်မနေ နဲ့။ ခုမှ လေးနာရီပဲရှိသေးတယ်”
နေလုံးကြီးက၊ မျက်နှာချင်းဆိုင် အိမ် အတန်းရှိ အိမ်တစ် အိမ်နောက် ကွယ်သို့ ငုပ်လျှိုးနေလေပြီ။ လော လောဆယ်မှာပင် မှောင်လာတော့ မည်ကို ရှန်တာ သိလိုက်၏။ သူ့အမေ ဆီ သူပြန်ပြေးလာပြီး ပြောလိုက်ပြန် သည်။
”အမေ..၊ အဖေက ဘာဖြစ် လို့ ခုထိအောင်ပြန်မလာသေးတာ လဲ”
”ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ရုံးမှာပဲ အချိန်တွေ ကြာနေတာ ဖြစ် ချင်ဖြစ်နိုင်တာပေါ့”
ရှန်တာမှာ မျက်နှာရှုံ့မဲ့သွား သည်။
”ရုံးက ဒီလူတွေကို ကျွန်မ မကြိုက်ဘူး။ သူတို့က လူဆိုးတွေ ပဲ”
ခြံဝင်းပေါက်ဆီ ပြန်သွားပြီး မတ်တတ် ရပ်လျက်ဖြင့် အပြင်ကို သူ လှမ်းမျှော် ကြည့်နေလိုက်ပြန် သည်။ သူ့အမေ ကလည်း အထဲက နေ သူ့ကို လှမ်းအော်လိုက်သည်။
”အထဲဝင်စမ်း ရှန်တာ။ မှောင်လာပြီ။ အဲဒီမှာ ရပ်မနေနဲ့”
ရှန်တာ ကတော့ အထဲမဝင်။ ပြင်းပြင်းထန်ထန် စိတ်ကူးတစ်ခုက သူ့ခေါင်းထဲ ဝင်လာသည်။ သူ့ အဖေ ရုံးကို သူလိုက်သွားပြီး သူ့အဖေကို သူ ဘာကြောင့် အော်ခေါ် လို့မရနိုင် မှာတဲ့လဲ။ ဘာကြောင့် ရုပ်ရှင်သွား မကြည့်နိုင် ရမှာတဲ့လဲ။ သူ့အဖေရုံး ဘယ်မှာ ရှိပါလိမ့်ဆိုတာ သူသိချင် နေသည်။ သို့သော်၊ သူမသိ။ လမ်း အဆုံးကနေ သူ့ အဖေ နေ့တိုင်း ချိုး ကွေ့ပြန်လာတာ သူမြင်ဖူးသည်။ ထိုနေရာသို့ သွားမည်ဆိုလျှင် သူ့ အဖေရုံးသို့ အလို အလျောက်သွား ပြီးသား ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ့အမေ တစ်နေ ရာရာမှာ ရှိနေ မလား၊ သူတစ်ချက် ငဲ့ကြည့်လိုက် သည်။ ပြီးမှ လမ်းပေါ်သို့ သူထွက် သွားလိုက်၏။
အချိန်က နေဝင်ရီ တရော အချိန်ဖြစ်သည်။ အရာအားလုံးက အလွန် ကြီးမားနေသည့် ပုံမျိုးတွေဖြစ် နေသည်။ အိမ်တွေ၏ နံရံတွေက၊ အလွန်မြင့်သည်ဟု ထင်ချင် စရာရှိ နေသည်။ စက်ဘီးတွေနှင့် မြင်း လှည်းတွေကလည်း သူ့ကိုတည့်တည့် ကြီး ဝင်တိုက်ပစ်တော့မှာ လိုမျိုးတွေ ဖြစ်နေကြ၏။ မကြာလိုက်မီ လမ်းမီး တွေ မှိတ်တုတ် မှိတ်တုတ် လင်းလာသည်။ လမ်းသွား လမ်းလာတွေက အရိပ်တွေနှင့် တူနေကြသည်။ လမ်း ချိုးနှစ်ခုကို ချိုးကွေ့ လာပြီးသည့် နောက် ရှန်တာမှာ သူ့ကိုယ်သူ ဘယ်နေ ရာ ရောက်နေမှန်း မသိ တော့။ လမ်းဘေးအစပ် မှာ သူထိုင် ချလိုက်ပြီး သူ့ လက်သည်းလေးတွေ သူ ကိုက်နေလိုက်သည်။ သူ့အိမ်သူ ဘယ်လို ပြန်ရောက်နိုင်ပါ့မလဲ သူသိချင်နေသည်။ ထိုအချိန်မှာ သူတို့ အိမ်နီးချင်း အိမ်မှ အစေခံ အလုပ်သမားကြီး ဖြတ်လျှောက် သွားတာ တွေ့လိုက် ရသဖြင့် သူထရပ်လိုက် ပြီး ထိုအစေခံ အလုပ် သမားကြီး ရှေ့ မှာ သွားရပ်လိုက်သည်။
”ဟဲ့ နင့်တစ်ယောက်တည်း ဒီမှာ ဘာလာလုပ်နေတာလဲ”
”ကျွန်မ မသိဘူး။ ဒီကို လာခဲ့ တာပဲ။ ကျွန်မကို အိမ်ပြန်ပို့ပေးပါ လား”
ထို့နောက် ထိုအစေခံ အလုပ် သမားကြီး ဦးဆောင်ခေါ် သွားရာ နောက်က လိုက်သွားရင်း မကြာမီ သူ့အိမ်သူ ပြန်ရောက်သွားလေ သည်။
ထိုနေ့ မနက်ခင်းတုန်းက ရှန်တာ၏ အဖေ ဗင်ကတ်ရာယို သူ့ရုံးကို သွားဖို့ ပြင်နေစဉ်မှာ ရုပ်ရှင် ဇာတ်ကား လက်ကမ်း ကြော်ငြာတွေ ကို မြင်းလှည်း တစ်စီးဖြင့် လမ်းပေါ် လျှောက်ဝေငှ သွားခဲ့သည်။ ရှန်တာ ကလည်း လမ်းပေါ် ပြေးထွက်သွား ပြီး ကြော်ငြာ စာရွက် တစ်ရွက် ကောက်ယူခဲ့သည်။ ကြော်ငြာစာ ရွက်ကိုင်ပြီး သူ့အဖေ ကို လည်း မေး လိုက်သည်။
”အဖေ ဒီနေ့ကျွန်မကို ရုပ်ရှင် လိုက်ပြမလား”
ထိုအမေးကြောင့် ဗင်ကတ်ရာ ယို စိတ်ညစ်သွားသည်။ သူ့သမီး လေးမှာ စိတ်ချမ်းချမ်း သာသာနှင့် အပျော်အပါး ရိုးရိုးလေးမျှ မရှိသည့် ဘဝဖြင့် ကြီးပြင်း လာခဲ့ရသည်။ သူ့ သမီးလေးသူ ရုပ်ရှင်နှစ်ကြိမ်လောက် ကောင်းကောင်း မပြနိုင်ခဲ့။ သူ့မှာ သူ့ကလေး အတွက် အချိန်မပေးနိုင် ခဲ့။ သူ့သမီးလေး အရွယ်၊ တခြား အိမ်တွေမှ ကလေးများ မှာ သူတို့ အလိုရှိသမျှ ကစားစရာတွေ ရှိကြ သည်။ အဝတ်အစားတွေ ရှိကြသည်။ အပျော်ခရီး ထွက်နိုင်ကြသည်။ သူ့ သမီးလေး မှာတော့ အရိုင်း အ စိုင်း လေး တစ်ယောက် နီးပါးမျှ တူအောင် တစ်ယောက်တည်း ကြီးပြင်းလာ ခဲ့ရရှာသည်။ သူ့ရုံးသူလည်း ဒေါသ အပြင်းအထန် ဖြစ်သွားမိသည်။ သူတို့က သူ့ကို တစ်လ ရူပီးလေးဆယ် ဖြင့် အပြီးအပိုင် ဝယ်ယူထားကြပုံ ရှိနေသည်။
သူ့ဇနီးနှင့် သမီးအပေါ် လျစ်လျူရှု ထားခဲ့မိသည့် အတွက် သူ့ ကိုယ်သူ အပြစ်တင်နေမိသည်။ သူ့ဇနီးမှာ ပင်လျှင် ကိုယ်ပိုင် မိတ်ဆွေ အသိုင်းအဝိုင်းတွေ ဘာတွေ စသဖြင့် ရှိသေးသည်။ သူ့ဇနီးက တကယ် တမ်း အရွယ်ရောက်နေသည့် လူကြီး အရွယ် ဖြစ်နေပြီ။ ကလေး အရွယ်ရှိ သေးသည့် သမီးလေးကျတော့ရော ..။ သမီးလေး ဘဝ ရပ်တည်မှုက ဘယ်လောက်များ ခြောက်ကပ် ငြီးငွေ့စရာ ကောင်းလိုက်ပါလိမ့်။ သူတို့က သူ့ကို ည ခုနစ်နာရီ၊ ရှစ်နာရီ ထိအောင် ရုံးမှာ နေ့တိုင်း နေခိုင်း ထား ကြ သည်။ သူအိမ်ပြန် တော့ သမီးလေးက အိပ်ပျော်နေပြီ။ တနင်္ဂနွေနေ့တွေ မှာပင်လျှင် သူတို့ က သူ့ကို ရုံးမှာ ရှိနေစေချင်ကြသည်။ သူ့မှာ ကိုယ်ပိုင် ပုဂ္ဂိုလ်ရေး ဘဝ တစ်ခု မရှိဘူးဟု သူတို့ ဘာကြောင့်များ ထင်နေကြ ရတာလဲ။ သမီးလေးကို ပန်းခြံ ဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် လိုက်ပို့ ဖို့ သူတို့က သူ့ကို အချိန်ကောင်း ကောင်း မပေးခဲ့ကြ။ သူ က ဆော့ ကစားတာ ခံနေရဖို့ မဟုတ်ကြောင်း သူတို့ကို ပြပစ်တော့မည်။ ဟုတ်ပြီ။ လိုအပ်လျှင် သူ့မန်နေဂျာ နှင့် ရန်ဖြစ် ဖို့ပင် သူ ပြင်ထားလိုက်သည်။
သူ စိတ်ပိုင်းဖြတ်လိုက်ပြီး သူ့ သမီးလေးကို ပြောခဲ့သည်။
”ဒီညနေ သမီးကို အဖေ ရုပ်ရှင် လိုက်ပြမယ်။ ငါးနာရီမှာ အသင့် ဖြစ်နေပစေ”
”တကယ်လား…။ အမေ ရေ…”
ရှန်တာက ပြန်ပြောရင်း သူ့ အမေကိုပါ လှမ်းခေါ်လိုက်သည်။ သူ့အမေကလည်း မီးဖိုချောင်ထဲက နေ ထွက်လာ၏။
”အဖေက ကျွန်မကို ဒီညနေ ရုပ်ရှင်လိုက်ပြတော့မှာ”
ရှန်တာ၏အမေက အယုံ အကြည် ကင်းမဲ့စွာ ပြုံးလိုက်သည်။
”ကလေးကို တကယ်မဟုတ်တဲ့ ကတိတွေ မပေးစမ်းပါနဲ့ရှင်”
ဗင်ကတ်ရာယိုက ရှန်တာ၏ အမေကို စူးစူးဝါးဝါး ပြန်ကြည့်လိုက် သည်။
”ပေါက်ကရတွေ လာမပြော နဲ့။ မင်းက မင်းတစ်ယောက်တည်း ပဲ ကတိတည်တဲ့ လူရှိတယ် ထင်နေ တယ်ပေါ့လေ”
ထို့နောက် ရှန်တာကို ထပ် ပြောလိုက်ပြန်သည်။
”ကဲ..သမီး။ ငါးနာရီမှာ အသင့်ဖြစ်နေပါစေ။ အဖေပြန်လာ ပြီး သမီးကို ရုပ်ရှင် သေချာပေါက် လိုက်ပြမယ်။ အသင့်ဖြစ်မနေဘူး ဆိုရင်တော့ သမီးကို အဖေ အရမ်း စိတ်ဆိုး မှာနော်”
ဗင်ကတ်ရာယိုက သူ့ရုံးကို သန္နိဋ္ဌာန် အပြည့်ဖြင့် ထွက်လာခဲ့ သည်။ သူ၏ ပုံမှန် လုပ်နေကျ အလုပ်ကိုလုပ်ပြီး ငါးနာရီမှာ ပြန် ထွက်လာခဲ့မည်။ သူတို့က သူတို့၏ နည်း ပရိယာယ်ဟောင်း ကြီးတွေ တစ်ခုခု သုံးဖို့ လုပ်လာခဲ့လျှင် သူက သူ့ အထက်အရာရှိကို ”ဒီမှာ ကျွန်တော့် နှုတ်ထွက်စာပဲ။ ကျွန်တော့် သမီးလေးရဲ့ ပျော်ရွှင်မှုက ဟောဒီ ခင်ဗျား တို့ရဲ့ စက်ဆုပ်စရာ ကောင်းတဲ့ စာရွက် စာတမ်းတွေထက် ပို အရေးကြီးတယ်ဗျ” ဟု ပြောပစ် လိုက်မည်။
ရုံးမှာတော့၊ သူ့စားပွဲပေါ်ကို ထုံးစံအတိုင်း စာရွက်တွေ တစ်သီ တစ်တန်းကြီး ရောက်လာကြပြီး ပြန်ထွက်သွား လျက်ရှိနေသည်။ သူ က စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေး ပြီး လက်မှတ် ထိုးသည်။ စာကြမ်းရေး သည်။ သူ့မှာ အမှားအပြင် ခံရသည်။ သတိပေးတာ ခံရသည်။ စော်ကား တာခံရသည်။ နေ့ခင်းကော်ဖီ သောက်ချိန် အတွင်း ငါးမိနစ်မျှ သာ သူ့အတွက် အနား ရချိန်တစ်ချိန် ရှိ သည်။
ရုံးထဲက နာရီကြီးမှ ငါးနာရီထိုး သံ ကြားလိုက်ရသနှင့် တခြားစာရေး တွေ အိမ်ပြန်ကုန်ကြပြီ။ သူလည်း မန်နေဂျာဆီ သွားပြီး ပြောကြည့် လိုက်သည်။
”ကျွန်တော် ပြန်နိုင်ပြီလား ခင်ဗျာ”
မန်နေဂျာက စာရွက်တစ်ရွက် ဖတ်ရှုစစ်ဆေးနေရာမှ မော့ကြည့် လိုက်သည်။
”ခင်ဗျားကတော့…”
ငွေသွင်းငွေထုတ်နှင့် ငွေစာရင်း ဌာနခွဲအနေနှင့် ငါးနာရီ မှာ ပိတ်နိုင်ဖို့ ဆိုတာ စဉ်းစားဝံ့စရာ မရှိ။
”ခင်ဗျားက ပြန်လို့ ဘယ်လို ဖြစ်နိုင်ပ့ါမလဲဗျာ”
”ကျွန်တော့်မှာ ကိုယ်ရေးကိုယ် တာ အရေးတကြီး လုပ်စရာ အလုပ် လေးတွေ ရှိနေလို့ပါ”
မနက်တုန်းက ကြံစည် စိတ်ကူး ထားသည့် ပြောပစ်ရမည့် ”ဒီမှာ၊ ကျွန်တော့် နှုတ်ထွက်စာပဲ” ဆိုသည့် စကားကို ချုပ်တည်း မျိုသိပ်ထား လျက် ထိုသို့သာ သူပြောလိုက်ရ သည်။ သူ့သမီး ရှန်တာလေးက အဝတ် အစားတွေ လဲထားပြီး စိတ် အား ထက်သန်မှုဖြင့် တုန်တုန်ရီရီ ဖြစ်နေရင်း တံခါးဝမှာ ရပ်နေမည့် ပုံကို သူ့အတွေး ထဲမြင်ယောင်နေ မိ လေ၏။
”ရုံး အလုပ်ထက် ပိုအရေး တကြီးဖြစ်စရာ ဘာတစ်ခုမှ မရှိနိုင် ပါဘူးဗျာ။ ခင်ဗျားခုံ ခင်ဗျား ပြန်သွား စမ်းပါ။ ကျွန်တော် နာရီဘယ် လောက် များများ အလုပ်လုပ်တယ် ဆိုတာ ခင်ဗျား သိတယ်မို့လား”
မန်နေဂျာက သူ့ကို မေးခွန်း ထုတ်လိုက်သည်။ ထိုမန်နေဂျာက ရုံးဖွင့်ချိန် မတိုင်မီ ရုံးကို သုံးနာရီ စောရောက်နေပြီး ရုံးဆင်းချိန် နောက်ပိုင်း မှာလည်း သုံးနာရီ နီးပါး ဆက်လက်နေ တတ်သူဖြစ်သည်။ တနင်္ဂနွေနေ့တွေ မှာပင်လျှင် ထိုအတိုင်း လုပ်လေ့ ရှိသည်။ စာရေး တွေ အချင်းချင်း ကြားမှာလည်း ထိုမန်နေဂျာ ကို ထင်မြင် ချက်ပေး ကြ သည်။
”သူ့မိန်းမက သူ့ကို အိမ်မှာ မြင်နေရတဲ့ အခါတိုင်း ထရိုက်နေ တာကြောင့် ပဲဖြစ်ရမယ်။ ဒါ သူရုံးကို အရမ်းနှစ်သက်နေ ပုံရနေတာ ဘာကြောင့်လဲ ဆိုတဲ့အချက်ပဲကွ”
မန်နေဂျာက သူ့ကို မေးလိုက် ပြန်သည်။
”တစ်ဆယ်နဲ့ရှစ် ကွာနေတဲ့ အကြောင်းရင်း ခင်ဗျား လိုက်ရှာ သေးလား”
”ပြေစာနှစ်ရာ စစ်ဆေးဖို့လိုပါ လိမ့်မယ်။ ကျွန်တော် တို့ ဒါကို မနက်ကျမှပဲ လုပ်သင့်တယ် ထင်ပါ တယ်”
”မရဘူး။ မရဘူး။ ဒီလိုလုပ်လို့ မရဘူး။ ဒါကိုခင်ဗျား ချက်ချင်းပြင် ရမယ်”
”ဟုတ်ကဲ့ပါခင်ဗျာ”
ဗင်ကတ်ရာယိုမှာ မပွင့်တပွင့် လေးပြန်ပြောပြီး သူ့ထိုင်ခုံမှာ သူ ကုပ်ကုပ်လေး ပြန်ထိုင်လိုက်ရ သည်။
ရုံးထဲက နာရီကြီးကလည်း အချိန်ငါးနာရီခွဲ ရှိနေကြောင်း ပြနေ ပြီ။ ထိုအတိုင်း ဆိုလျှင် ပြေစာတွေကို ဒုက္ခ ပင်ပန်းကြီးစွာ ရှာဖွေရသည့် အလုပ်က နှစ်နာရီ ကြာဦးမည့် သဘော ဖြစ်နေ၏။ ကျန်ရုံး ဝန်ထမ်း အားလုံးလည်း မရှိကြတော့။ သူ့ဌာနခွဲ တွင် သူနှင့်အခြား စာရေး တစ်ယောက်သာ အလုပ်လုပ်နေကြ ရသည်။ မန်နေဂျာ ကတော့ မလွဲ မသွေပင် ရှိနေသေးသည်။ ဗင်ကတ်ရာယို ဒေါသ အကြီး အကျယ် ဖြစ်နေမိသည်။ သူ့စိတ်သူ ဆုံးဖြတ်ပစ် လိုက်သည်။ သူက သူ့ကိုယ်သူ ရူပီး လေးဆယ်ဖြင့် အပြီး အပြတ် ရောင်းထားသည့် ကျေးကျွန် တစ်ယောက် မဟုတ်။ ထိုငွေမျိုးကို သူလွယ်လွယ်လေး ရှာနိုင်သည်။ မရှာနိုင်ဘူး ဆိုလျှင် ရော..။ ငတ်သေပစ် လိုက်တာမှ ပိုပြီး ဂုဏ် သိက္ခာရှိ လိမ့်ဦးမည်။
သူ စာရွက်တစ်ရွက်ဆွဲယူပြီး ရေးချလိုက်သည်။
”ဒီစာနဲ့အတူ ကျွန်တော့်ရဲ့ နှုတ်ထွက်စာကို ပါရေးလိုက်တာပဲ။ ခင်ဗျားတို့လို လူတွေက ကျွန်တော့်ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓာကို ရူပီးလေးဆယ် နဲ့ ဝယ်ထားတယ်လို့ ထင်နေ ကြရင် ခင်ဗျား တို့မှားနေပြီ။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက်ကတော့ ဒီမဖြစ်စလောက် ရူပီးလေးဆယ် လေးပေးပြီး ခင်ဗျားတို့ ကျွန်တော့်ကို နှစ်တွေ နဲ့ချီပြီး ကျွန်ဖြစ်အောင် လုပ်ကြတာ ခံနေရတာ ထက် ငတ် သေလိုက်တာကမှ ပိုကောင်းမယ် ကျွန်တော် ထင်တယ်။ ခင်ဗျားတို့မှာ ကျွန်တော့်ကို နှစ်တိုးလစာ ထပ် တိုးပေးချင် တဲ့ ဆန္ဒသဘောထား နည်းနည်းမှ မရှိဘူးလို့ ကျွန်တော် မှတ်တာပဲ။ ခင်ဗျားတို့ဟာ ခင်ဗျား တို့အကျိုး ခင်ဗျားတို့ပဲ ခဏခဏ အလေးပေး ထားကြတယ်။ ခင်ဗျား တို့က ကျွန်တော် တို့ကို ဘာကြောင့် များ တစ်ခါ တစ်ရံလေးလောက်မှ ထည့် မစဉ်းစားကြတာလဲ ဆိုတာ ကျွန်တော် မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ ခုတော့ ဒါကို ကျွန်တော် စိတ် မဝင် စားတော့ဘူး။ ခုကစလို့ ဒါဟာ ကျွန်တော့်ရဲ့ နှုတ်ထွက်စာပဲ။ ကျွန်တော် နဲ့ ကျွန်တော့် မိသားစုသာ ငတ်ပြီး သေကြေ ပျက်စီး သွားခဲ့ရင် ကျွန်တော် တို့ရဲ့ ဝိညာဉ်တွေ က ခင်ဗျား တို့တွေ အားလုံးဆီ လာပြီး တစ်ဘဝလုံး ခြောက်လှန့်နေပါစေ …”
သူ ထိုသို့ ရေးထားသည့်စာ ရွက်ကို ခေါက်လိုက်ပြီး စာအိတ် တစ်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် စာအိတ်ကို ကော်ဖြင့်ပိတ် ပြီး စာအိတ်ပေါ်မှာ မန်နေဂျာ ဆီ လိပ်စာ တပ်လိုက်သည်။ တစ်ဆက် တည်းပင် သူ့စားပွဲကနေ ထလာပြီး မန်နေဂျာရှေ့မှာ သွားရပ်လိုက်၏။ မန်နေဂျာ မှာလည်း ထိုစာကို အမှုမဲ့ အမှတ်မဲ့စွာ လှမ်းယူ လိုက်ပြီး သူ့ စားပွဲပေါ်တင်ထားလိုက်သည်။
”ဗင်ကတ်ရာယို..”
မန်နေဂျာက သူ့ကိုပြောလိုက် သည်။
”ဒီ သတင်း ကြားလိုက်ရရင် ခင်ဗျားတော့ ပျော်သွားမှာ ပဲဆိုတာ ကျွန်တော် အတတ်ပြောရဲ ပါတယ်။ ကျွန်တော်တို့ အရာရှိကြီးက ဒီနေ့ပဲ နှစ်တိုး လစာငွေ တိုးပေးဖို့ ကိစ္စ တိုင်ပင် ဆွေးနွေးခဲ့တယ်ဗျ။ အဲဒါ ကျွန်တော်က ခင်ဗျားကို တစ်လ ငါးရူပီး နှစ်တိုးလစာ ခံစား ခွင့်ပြုဖို့ ထောက်ခံ အကြံပြုခဲ့တယ်။ ခုတော့ အမိန့်စာ မထွက်သေးဘူး။ ဒါကြောင့် ဒါကို လောလောဆယ် ခင်ဗျားစိတ် ထဲမှာပဲ ထားလိုက်ပါဦး”
ဗင်ကတ်ရာယိုကလည်း မန်နေဂျာ၏ စားပွဲပေါ်ရောက်နေ သည့် သူ့စာအိတ်ကို ဆတ်ခနဲဆွဲယူ ပြီး သူ့အိတ်ကပ်ထဲ ကပျာ ကယာပြန် ထည့်ထားလိုက်ရသည်။
”အဲဒါ…ဘာစာလဲဗျ”
”ဟို..၊ ရှောင်တခင်ခွင့်လေး တင်ဖို့ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော် စဉ်းစားမိတာ..”
”ခင်ဗျား အနည်းဆုံး သီတင်းနှစ်ပတ် ထိအောင် ဘာခွင့်မှ မရနိုင်ဘူးနော်”
”ဟုတ်ကဲ့ပါခင်ဗျာ။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါ ကြောင့်လည်း ကျွန်တော့်ရဲ့ ခွင့်တင် လွှာကို ပြန်ရုပ်သိမ်း လိုက်တာပါ ခင်ဗျာ”
”သိပ်ကောင်းတယ် ခင်ဗျား အဲဒီ အမှား လိုက်ရှာပြီးသွားပြီ လား”
”ကျွန်တော် ပြေစာတွေ စေ့စေ့ စပ်စပ်ကြည့်ပြီး စစ်ဆေးနေပါ တယ်ခင်ဗျာ။ တစ်နာရီ အတွင်းမှာ ကျွန်တော် ဒါကို ရှာတွေ့ပါလိမ့် မယ်”
သို့နှင့် ဗင်ကတ်ရာယို သူ့အိမ် သူ ပြန်ရောက်တော့ ညကိုးနာရီ ထိုးသွားပြီဖြစ်၏။ ရှန်တာလေးမှာ အိပ်ပျော်နေလေပြီ။ ရှန်တာ၏ အမေက ပြောလိုက်သည်။
”သူက ရှင် အချိန် မရွေးပြန် ရောက်လာနိုင်ပြီး သူ့ကို အပြင်ခေါ် သွားမှာပဲ ဆိုတဲ့ အတွေး နဲ့ သူ့ဂါဝန် တောင် လဲချင်သေးတာ မဟုတ်ဘူး။ ဘာအစာမှ လည်း ကောင်းကောင်း မစားဘူး။ အင်္ကျီ ကြေသွားမှာ စိုးလို့ လည်း လှဲအိပ်ချင်တာ မဟုတ်ပါဘူး ရှင်”
ပန်းနုရောင် ဂါဝန်လေးနှင့် ဆံပင်တွေဖြီး သင်ထားလျက် မျက်နှာ ပေါင်ဒါ လူးထားလျက် အဝတ်အစားလဲ ထားပြီး အပြင်ထွက် ဖို့ အသင့်ပြင် ထားရင်း အိပ်ပျော်နေ သည့် သူ့ သမီးလေးကို မြင်လိုက်ရ သည့်အခါ ဗင်ကတ်ရာယို မှာ သနား ကရုဏာ သက်သွားလေ၏။
”ဘာကြောင့် ငါသူ့ကို ညပွဲ လိုက်မပြနိုင်ရမှာလဲကွာ..”
သမီးလေးကို သူအသာအယာ လှုပ်ပြီး ခေါ်လိုက်သည်။
”ရှန်တာ…၊ ရှန်တာ…”
ရှန်တာက သူခြေထောက်တွေ ကန်လိုက်ပြီး ထအော်ငို လိုက်သည်။ အနှောင့်အယှက် ခံလိုက်ရသဖြင့် စိတ်တိုသွားခြင်းဖြစ်သည်။
”သူ့ကို သွားမနှိုးပါနဲ့”
ရှန်တာ၏ အမေက တိုးတိုး လေးပြောပြီး အိပ်ပျော်အောင် ရှန် တာ၏ ကျောကို ပုတ်ပေးလိုက်၏။
ဗင်ကတ်ရာယိုမှာ သူ့သမီးလေး ကို ခဏလောက်စောင့်ကြည့်လိုက် သည်။
”ဒါက သမီးလေးကို အပြင် ခေါ်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင် တော့ဘဲ ရှိလာတော့မှာလား ဆိုတာ ငါ မသိဘူး။ မင်းကြည့်ပါဦးကွာ။ သူတို့က ငါ့ကို နှစ်တိုးလစာ တိုးပေး နေ ကြတယ်လေ”
ဗင်ကတ်ရာယို ဆွဲဆွဲငင်ငင် အသံဖြင့် ပြောပြလိုက်မိလေသည်။
သင်းမြတ်ကို
အိန္ဒိယစာရေးဆရာ
R.K.NARAYAN ၏ FORTY-FIVE A MONTH