”တန်ခူး…တန်ခူး မဟုတ် လားဟင်”
”အာကာ…အာကာ ဟုတ် ပါတယ်နော်”
နှစ်ဦးသား တအံ့တသြနှင့် စိုက်ကြည့်နေ မိကြသည်။ ဆံပင် အရှည်ကြီးနှင့် မြင်သူတကာ ငေးရလောက်အောင်၊ လှသွေးတွေ ကြွယ်နေသည့် ‘တန်ခူး’ပါ။ လက်ထဲ တွင်တော့ ပိတောက် ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့်။
မတွေ့ရတာ နှစ်ပေါင်း အတော် ကြာပါပြီ။ ငယ်ငယ်က ‘တန်ခူး’နှင့် တခြားစီပင်။ ကိုယ့် မျက်စိတောင် ကိုယ်မယုံချင်ပါ။
သူမျှော်လင့်နေခဲ့ ရသော၊ တမ်းတနေ ခဲ့ရသော၊ သနားစရာ၊ ချစ်စရာကောင်း လွန်းသော တန်ခူး နှင့် ခုလို ပြန်ဆုံတွေ့ရလိမ့်မည်ဟု မထင်မိခဲ့ပါ။
ရှာနေသော အချိန်တွေတုန်း က မတွေ့ခဲ့ပါပဲ။ ခုကျမှ မမျှော်လင့်ဘဲ ဆုံတွေ့ရသည့် အဖြစ်ကြောင့် ရင်တွေတောင် တဒိတ်ဒိတ် ခုန်နေပါ ပြီ။
တန်ခူးရယ် ဒီတစ်ခါတော့ မင်းကိုငါ လက်လွှတ် ဆုံးရှုံးမခံတော့ ပါဘူး။ မင်းဘယ်ကိုမှ ထွက်ပြေးဖို့ မစဉ်းစားပါနဲ့တော့နော်။
ပိတောက် ရနံ့လေးတွေ သင်းပျံ့မွှေးကြိုင် လာသည်။ မမျှော် လင့်ဘဲ ပြန်ဆုံတွေ့ကြရ၍၊ နှစ်ဦး သား ပျော်ရွှင်ကြည်နူးနေကြ ပုံကို အရောင် တလဲ့လဲ့ မျက်ဝန်းတွေနှင့် ပြုံးနေသော နှုတ်ခမ်းတွေက သက်သေခံနေသည်။
တန်ခူးရယ် လွမ်းလိုက်ရတာ၊ ရင်တွေ ကွဲမတတ်ပါပဲ။
***
အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချ၍ ဘဝတွင် အောင်မြင် တိုးတက်လာ သူတွေ၏ စာရင်းကို ကောက်ယူမည် ဆိုလျှင်၊ ထိုစာရင်း တွေထဲ၌ ‘တန်ခူး’ ဆိုသော မိန်းမ လှ လေး လည်း အပါအဝင် ဖြစ်မှာ သေချာသည်။
တန်ခူး၏ ဘဝက ရုပ်ကလေး က လှသလောက်၊ ဘဝကတော့ မလှပခဲ့ပါ။ အဖေနှင့်အမေ ဆုံးပါး သွား၍ ဆွေမျိုးနီးစပ်တော်သော ဒေါ်ဥ ၏အိမ်တွင် လာနေ ရင်း ကျောင်းတက်နေ ရရှာသည်။
မှတ်မှတ်ရရ အဖြစ် တန်ခူး သူတို့ကျောင်းကို ပြောင်းလာခဲ့သည် မှာ လေးတန်းနှစ်က ဖြစ်သည်။ တန်ခူးက စာကို အရမ်း ကြိုးစားသည်၊ အတန်းသူ အတန်းသားတွေ အပြင် ဆရာ၊ ဆရာမ များကိုလည်း ချစ်ခင် လေးစားတတ်သည်။ သည်းခံ စိတ် တွေအပြည့်လိုပင်။
အိမ်ပြန်ရောက်လျှင်လည်း ဒေါ်ဥတို့ မိသားစု ခိုင်းသမျှ၊ ထောင့်စေ့အောင် လုပ်ပေးရသေး သည်။ အစားအသောက် ကိုတော့ အားလုံး စားပြီးမှ၊ မီးဖိုချောင် ထဲတွင် တစ်ယောက် တည်း စားရရှာသည်ဟု၊ ဒေါ်ဥ၏ နံဘေး အိမ်မှ ဒေါ်သာ ကောင်းက၊ အိမ်တွင် အလုပ်လာ လုပ်ရင်း အမြဲ ပြောပြနေ၍ တန်ခူး၏ အကြောင်းကို သူအမြဲ လိုလို ကြား နေရသည်။ တန်ခူးကို သူအရမ်း သနားမိသည်။ အလုပ်ကို မနား မနေ လုပ်ရပေမဲ့လည်း၊ ကြမ်းတမ်းသော ဒေါ်ဥ၏ အရိုက်အနှက်ကို လည်း နေ့စဉ် လိုလို ခံနေ ရသေး သည်။ သင်္ကြန်ရောက်တာတောင် သူများ ကလေးတွေလို၊ ဆော့ကစား တာတွေ မရှိ။ ပိတောက်ပန်း လှလှ လေးတွေကို ပွေ့ပိုက်ရင်း လိုက် ရောင်းပြီး ဝင်ငွေ ရှာနေရသေး သည်။ အလုပ်တွေ လုပ်ရင်းနှင့်သာ သင်္ကြန်ကို ဖြတ်ကျော်ခဲ့ရသည်။
”လူတစ်ယောက်ကို ထမင်း ကျွေးထား ရတာ လွယ်တာ မှတ်လို့။ ထမင်း တစ်လုပ်စားချင်ရင် အလုပ် တော့လုပ်ရမှာပဲ။ ငါ့မှာ ငါ့ကလေး တွေနဲ့ အားတာ မဟုတ်ဘူး။ အ လုပ် လုပ်ရတာ ပင်ပန်းတယ် ထင်ရင် ဒီအိမ်မှာ မနေ နဲ့ဆိုသော ဒေါ်ဥကြီး ၏ စကားက၊ ကြားရဖန် များလွန်း၍ ရပ်ကွက်ထဲက လူတွေတောင် ဒေါ်ဥကြီး၏ စကားကို အလွတ် ရနေ ပါပြီ။ ထိုအဒေါ်ကြီးကို သူလုံးဝ ကြည့်မရပါ။ အပြောကလည်း ကြမ်းသည်။ ထိုအဒေါ်ကြီး၏ သား သမီးတွေကလည်း၊ ‘တန်ခူး’ ဆိုလျှင် နိုင်လွန်း အားကြီး သည်။ ထုလိုက်၊ ခေါက်လိုက်နှင့်။ အရုပ်များ မှတ် နေကြသလားမသိ။ တစ်ခါ တစ်ရံ ကျောင်းရှေ့က သစ်ပင်ကြီး အောက် တွင် ကျိတ်ငိုနေသော ‘တန်ခူး’ကို တွေ့ဖူးသည်။ ဘာဖြစ်တာလဲ ဟု သူကမေးလျှင် မျက်ရည်တွေကို၊ အသာသုတ်ပြီး၊ ပြုံးပြုံးလေးနှင့် ခေါင်းခါပြပြီး စာကိုသာ ဆက်ပြီး ကျက်ရှာသည်။
‘တန်ခူး’ ကို သနား၍ သူက စာအုပ်တွေ၊ ဘောပင်တွေ အမြဲပေး သည်။ ဒါပေမဲ့ နောက်နေ့ ဆိုလျှင် မရှိတော့ပါ။ မောင်လေးတွေ ယူ သွားလို့၊ ညီမလေး ယူသွားလို့ဟု သာ အမြဲကြားနေရသည်။
တစ်နှစ်တစ်တန်း မှန်မှန် အောင်သလို ကျောင်းပိတ်ရက်တိုင်း လည်း အလုပ်နှင့်လက် မပြတ်ခဲ့ပါ။ ရှာလို့ရသမျှ အဒေါ်ကြီး ကိုသာ အကုန် အပ်ရသည်ဟု ဆိုသည်။
တန်ခူး၏ ထမင်းချိုင့်ထဲတွင် ထမင်းနှင့်ပဲကြီးလှော် သာပါသည်။ တန်ခူးတွင် ကောင်းသော ညဉ်က လေးကတော့ စာကို ကြိုးစားပမ်းစား လေ့လာ သင်ယူခြင်းဖြစ်သည်။
အခြား ဆင်းရဲသော သူတွေနှင့် လုံးဝ မတူပါ။ အချို့က ဆင်းရဲသည် ကို အကြောင်းပြ၍ စာကို မကြိုးစားချင်၊ ကျောင်းဆက် မတက်တော့ဘဲ တေပေလေ လွင့်နေ တတ်သော သူ တွေ၊ ပတ်ဝန်းကျင် တွင် အများ အပြားပင်။
ထိုအထဲတွင် ‘တန်ခူး’မပါ ဝင်ပါ။ ‘တန်ခူးကို ကြီးလာရင် ဘာဖြစ်ချင်တာလဲ’ ဟု သူမေးဖူးသည်။ တန်ခူးက ‘ကြီးလာရင် စီးပွားရေး လုပ်ငန်းတွေကို လုပ်ချင်တာ’ ဟု ပြော သည်။
သူတို့ မိဘတွေ ချမ်းသာတာ တောင် သူကြီးလာရင် ဘာလုပ်ချင် သလဲ ဆိုသော ရည်ရွယ်ချက်ကို မသိခဲ့ပါ။ ပိုက်ဆံကို ဘယ်လို ရအောင် ရှာရမလဲ ဆိုသည် ကိုလည်း ခုချိန် ထိ ‘တန်ခူး’ လောက်တောင် နားမလည်ခဲ့ပါ။ ရှစ်တန်းနှစ်တောင် ရောက်နေကြပါပြီ။
‘တန်ခူး’ခေါင်းပေါက်ပြီး၊ ဟို ဘက်ရပ်ကွက်ကအဆောင်ကို ရောက်နေတယ်”
အိမ်တွင် သန့်ရှင်းရေး လာလုပ် ပေးသော အမျိုးသမီးကြီး၏ စကား ကြောင့်၊ သူလှမ်းမေးမိလိုက်သည်။
‘ဘာဖြစ်တာလဲ’
‘ဟိုမိန်းမကြီးပဲပေါ့။ တန်ခူးကို ရှစ်တန်းအောင်ပြီ၊ ကျောင်းဆက် မတက်နဲ့တော့ ဆိုပြီး ရိုက်တာ။ တန်ခူးကလည်း ကျောင်းတက်မှာ ပဲတဲ့လေ။ အဲဒီတော့ ဒေါ်ဂျမ်း တော ကြီးက သနပ်ခါးတုံး နဲ့ လှမ်း ပေါက်တာ တန်ခူး ရဲ့နဖူးကွဲ သွား ရောလေ။ ပြီးတော့ အိမ်ပေါ်က နှင်ချလိုက်တာ။ အဲဒါနဲ့ တန်ခူး လည်း ဟိုဘက် ရပ်ကွက် က ဒေါ်တင်မတို့ အဆောင်မှာ ရောက် နေတယ်”
သူ အမြန်ပြေးသွားလိုက်မိ သည်။ တန်ခူးဆီ ရောက်သောအခါ နဖူးတွင် ပတ်တီးလေးနှင့် ချုပ်တော့ မချုပ်ရပါ။ သူ့ကိုတွေ့သော အခါ မျက်ရည်လေး အဝဲသားနှင့် ”ငါ့ရဲ့ ဘဝပေး အခြေအနေပေါ့ အာကာရယ်။ ဘယ်လို အခြေအနေ ပဲရောက်ရောက်၊ ငါကျောင်းဆက် တက်မယ်၊ အလုပ်တွေ လုပ်ပြီး ပိုက်ဆံ စုမယ်။ ဒီအဆောင် လခကို ငါရှာနိုင် ပါတယ်ဟာ”
သူ ‘တန်ခူး’ကို စားဖို့၊ သောက်ဖို့ ပိုက်ဆံပေးသော အခါ ‘တန်ခူး’က လုံးဝမယူပါ။ မျက်ရည် တွေ တသွင်သွင်စီးကျရင်း
”ကျေးဇူးတင် ပါတယ်ဟာ။ ဒီနေ့ ဒီအချိန်ကစပြီး ငါ့ဘဝကို ငါ့ ဘာသာ ထိန်းပြီး ရပ်တည်မယ်။ ဒီအဖြစ်ဆိုးတွေ ကနေ ရုန်းထွက်နိုင် အောင် ကြိုးစားရမယ်။ သင်္ကြန်နား လည်း နီးပြီ။ မကြာခင် သင်္ကြန်ပိတောက်တွေ ပွင့်တော့မှာ။ ပိတောက်က ငါ့အတွက် ပိုက်ဆံပဲ အာကာရဲ့။
ပြောသည့် အတိုင်း မနားမနေ ကြိုးစားသည်။ ဟိုအရင်က ထက်ပင် ပိုပြီး ပျော်ရွှင်နေ သလိုပင်။ ရသမျှ ပိုက်ဆံတွေ ကို စုပြီးဘဏ် တွင် နည်းနည်း နည်းနည်း သွားစု သည် ဟု လည်း ပြောကြသည်။ သင်္ကြန်ရက် တွေတွင်လည်း အနာကို ရေမစို အောင် ဦးထုပ်လေး ဆောင်းပြီး ပိတောက်ပန်းတွေ လိုက်ရောင်းနေ ရှာသည်။ သူကတော့ ‘တန်ခူး’ ကို သနားပြီး ပိတောက်ပန်းတွေ အမြဲ လိုလို အားပေး ဝယ်ယူခဲ့သည်။ သင်္ကြန် ပိတောက်ပန်းတွေ တင် ရောင်းတာ မဟုတ်ဘဲ သင်္ကြန်တွင်း ၌ ကြာဇံကြော် ၊ ခေါက်ဆွဲကြော်တွေ ကို ကြော်ပြီး ဖော့ဘူးလေးနှင့် နေရာ အနှံ့လိုက်လံ ရောင်းချပြန် သေးသည်။
သင်္ကြန် ပြီးသောအခါ ‘တန်ခူး’ တစ်ယောက် အတော်ကလေး မြိုးမြိုးမြက်မြက် ရလိုက်သည်ဟု အဆောင်ပိုင်ရှင် ဒေါ်တင်မက ဆိုသည်။ ဒီလိုနှင့် ‘တန်ခူး’ တစ်ယောက် ကျောင်း တက်လိုက်၊ အလုပ်လုပ် လိုက်နှင့် ဆယ်တန်း မေးပွဲ တောင် ဖြေပြီးသွားပြီဖြစ်သည်။
ဆရာ၊ ဆရာမတွေ ၏ အချစ် တော် ‘တန်ခူး’ သည်လည်း စာမေးပွဲ ကို ဖြေဆိုနိုင်ခဲ့သည် ဆို၍ တန်ခူး အတွက် အားလုံး ဝမ်းသာနေကြ သည်။ တန်ခူး ကိုယ်တိုင် လည်း ပျော်လို့ မဆုံးတော့ပါ။ သူလည်း အပါအဝင် ဖြစ်သည်။ ကံကြမ္မာက တန်ခူးကို ချော့တစ်ခါ၊ ခြောက် တစ်လှည့်နှင့်။ မျက်နှာ သာပေးလိုက် ကန်ချ လိုက် လုပ်နေ သလိုပင်။ အဆောင် ပိုင်ရှင် ဒေါ်တင်မကြီး ရုတ်တရက် ဆုံးသွားလေသည်။ အမွေ ခွဲလိုသော အမျိုးများက အဆောင် ဖွင့်ထားသော အိမ်ကြီးကို ရောင်းချ လိုက်သဖြင့် တန်ခူး အတွက် နေစရာ ဘုံပျောက်သွားခဲ့ရသည်။
‘တန်ခူး’ အကျပ်အတည်းတွေ ဖြစ်နေချိန် တွင် သူကလည်း ဖေဖေ၊ မေမေတို့နှင့် စင်ကာပူ ကို သွားနေ ချိန်ဖြစ်နေ၏။ သူ မြန်မာပြည် ပြန်လာသော အခါ တန်ခူး မရှိတော့ ပါ။ ဘယ်ကို ရောက်သွားမှန်းပင် မသိ။ မေးမြန်း စုံစမ်းကြည့်သော အခါတွင်လည်း မသိကြသူတွေ ချည်းပင်။ အချို့ကတော့ ဟိုနေရာ ညွှန်လိုက်၊ ဒီနေရာညွှန်လိုက် သူသွား ရှာပြန်သော်လည်း မတွေ့ပါ။ ရန်ကုန်မြို့ကြီး ထဲတွင် လူပျောက် တစ်ယောက် ကို ရှာရ၊ ဖွေရသည်မှာ၊ မလွယ်ကူပေ။ ရင်ထဲမှာ တဆစ် ဆစ် ဝေဒနာတွေကို မျိုသိပ် ရင်း အခွင့်သာတိုင်း ‘တန်ခူး’ကိုရှာနေ မိသည်။ သင်္ကြန်ရောက်တိုင်း
‘တန်ခူး’များ သင်္ကြန် ပိတောက်ပန်း တွေ ရောင်းနေမလားဟု ဆိုကာ ရှာဖွေကြည့် မိပေမဲ့ ပျောက်သော သူကတော့ ရှာမတွေ့သေးပဲ ဝေးဝေးလို့နေလေပြီ။
(၅) နှစ် ဆိုသော အချိန် ကာလ တွင် သူလည်း ပညာတွေ အတော် စုံအောင် တတ်နေပြီ။ ဖေဖေ တို့နှင့် အတူတူ တွဲပြီး ကုမ္ပဏီတွင် စီမံခန့် ခွဲ အုပ်ချုပ်နိုင်နေပြီ။ သူ စီးပွားရေး လုပ်ငန်းတွေ ကို လုပ်ကိုင်ရင်း၊ တန်ခူးကို အမြဲလိုလို သတိရမိ သည်။ ခုဆို ဘယ်တွေ ရောက်ပြီး၊ ဘာတွေ ဖြစ်နေပြီလဲ မသိပါ။ သံယောဇဉ်ကြိုး က ‘တန်ခူး’ကို မတွေ့ ရမချင်း၊ ဘယ်လိုမှ ဖြတ်၍ မရပါ။ အလုပ်တွေ မအားသော ကြောင့် ‘တန်ခူး’ကို ဆက်ပြီး မရှာ နိုင်ခဲ့ပါ။
သင်္ကြန်ရောက်တိုင်း၊ ပိတောက်ပန်းတွေ ကို မြင်တိုင်း ပို၍ ပို၍သတိရနေမိသည်။ မကြာခင် သင်္ကြန်တောင် ရောက်တော့မည်။
ကုမ္ပဏီက ပြန်လာသောအခါ ကားလမ်းတွေ ကျပ်သဖြင့် ရွှေတိဂုံ ဘုရားဘက်မှ ကားမောင်းပြီး ပြန်လာ ခဲ့သည်။ အရှေ့ဘက်မုခ် နား အရောက်တွင် ပိတောက်ပန်း တွေ တစ်ပွေ့ တစ်ပိုက်နှင့် တက္ကစီပေါ် မှ ဆင်းကာ ရွှေတိဂုံ ဘုရား အရှေ့ဘက် ဓာတ်လှေကား ဆီ လျှောက်သွားသော မိန်းကလေးကို တွေ့လိုက်ရ၍ ကားကို ရှေ့ ဆက်မောင်း ပြီး ပြန်ကွေ့ကာ ကားပါကင်တွင် ရပ်လိုက်ပြီး ဓာတ်လှေကား အနီး တွင် ရှာလိုက်မိသည်။ မတွေ့ပါ။ ရင်တွေတောင် တဖျပ်ဖျပ် ခုန်လာ သည်။
ထို့နောက် ဓာတ်လှေကား စီးပြီး ရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ သည်။ နေရာ အနှံ့ ရှာလိုက်မိသည်။ မတွေ့ပါ။ တထိတ်ထိတ် ခုန်နေသော ရင်ခုန်သံတွေတောင် ရပ် ချင်ချင် ဖြစ်သွားသည်။ ရွှေတိဂုံဘုရား ကို တစ်ပတ်ပြီး တစ်ပတ်လျှောက်နေ မိ သည်။
တနင်္လာထောင့်ကို အကြည့်က ဖျတ်ခနဲ ရောက်သွားသည်။ ဆံပင် အရှည်ကြီးနှင့် မိန်းကလေး။ ပိတောက်ပန်းတွေကို လက်ဝါးနှစ် ဖက်ကြားတွင် ညှပ်ပြီး ဘုရား ရှိခိုး နေသော မိန်းကလေးကို တွေ့ပါ ပြီ။
‘တန်ခူး’ ဟုတ်မဟုတ်တော့ မသိပါ။ အသာလေးယောင်လည် လည်နှင့် ထိုမိန်းကလေး အနားတွင် ရပ်ကာ စောင့်ကြည့်နေမိသည်။
ထိုမိန်းကလေး က ပိတောက် ပန်းတွေ၊ သွားကပ်ပြီး ပြန်လှည့်လာ သည်။ မျက်ဝန်းတောက်တောက် လေးတွေက သူ့ဆီ ဖျတ်ခနဲ အကြည့် ရောက်လာသည်။ တန် ခူးနှင့်တော့ တော်တော်လေး ကို တူသည်။
နှစ်ဦးသား အတော်ကြာ အောင် စိုက်ကြည့်နေမိသည်။ လှလိုက်တဲ့ မိန်းကလေးရယ်။ မင်းက တန်ခူးလားဟင်။
နှင်းဆီပန်းနုရောင်နှုတ်ခမ်း စိုစိုအိအိလေးက၊ တဖျပ်ဖျပ်လှုပ် လာပြီ…”အာကာ….အာကာ လားဟင်”
”တန်ခူး ဟုတ်ပါတယ်နော်”
ပြုံးပြီး ခေါင်းညိတ်ပြသော
‘တန်ခူး’၏ အဖြေ စကားကြောင့် သူ အတိုင်းမသိ ဝမ်းသာ သွားရသည်။ ရှာလိုက်ရတာ တန်ခူးရယ် ဟု အကျယ်ကြီး အော်ပြောလိုက်ချင် ပေမဲ့ ဝမ်းသာလုံးတွေ တစ် ဆို့ နေတာကြောင့်မို့ ဘာသံမှ ထွက် မလာပါ။ ဒီတစ်ခါတော့ ‘တန်ခူး’ ကို လုံးဝ အပျောက် မခံတော့ဘူးဟု ဆုံးဖြတ်လိုက်မိသည်။
”အာကာ တို့နဲ့ မတွေ့တာ တောင် တော်တော် ကြာသွားပြီ နော်”
”တန်ခူးက ခြေရာဖျောက်သွား တာလေ”
တန်ခူးက ရယ်ရင်း
”ဘဝဆိုတာ ကြိုးစားရုန်း ကန်နိုင်မှ၊ ထိုက်တန်တဲ့ ဘဝစစ်ကို ရတာလေ အာကာရဲ့။ တန်ခူးက အလှသမား မဟုတ်တဲ့ ဘဝသမား ဆိုတော့ အားလုံး နဲ့ အဆက်ပြတ် နေ တာပေါ့။ တန်ခူးက အာကာ့ကို လာမရှာရဲဘူးလေ”
သူ ရင်ဆို့သွားသည်။ ငယ်စဉ် က တန်ခူး၏ ဘဝလေးကို ဖျတ်ခနဲ ပြေးပြီး မြင်ယောင်ကာ အရမ်းသနား သွားမိသည်။ ‘ဒီတစ်ခါတော့ မင်း ရဲ့ ပင်ပန်းနေတဲ့ ဘဝလေးကို ကိုယ့် ရင်ခွင်ထဲ မှာ ခိုလှုံခွင့်ပေးပါ့မယ် တန်ခူးရယ်’ ဟု စိတ်ထဲ မှာ ပြော ကာ၊ သက်ပြင်းလေး ချရင်း၊ တန်ခူး ကို ပြုံးပြလိုက်မိသည်။
”တန်ခူး အလုပ်တွေ အများ ကြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရမှာ ပေါ့နော်”
”ဟုတ်တယ်… အရမ်းပင် ပန်းပေမဲ့ စီးပွားရေး ဘွဲ့ရအောင် ယူနိုင်ခဲ့တယ်။ ပြီးတော့ စီမံ ခန့်ခွဲမှု သင်တန်းတွေလည်း တက်နိုင်ခဲ့တယ် လေ။ တန်ခူးရဲ့ ကြိုးစား အားထုတ် ခဲ့တဲ့ အကျိုးက၊ တန်ခူးကို လူရာ ဝင်ဆန့်နိုင်စေခဲ့တာပေါ့။ ကြိုးစားမှု တွေသာ မရှိခဲ့ရင် တန်ခူး ရဲ့ဘဝက လမ်းဘေး မှာပဲ ဖြစ်နေမှာ”
ယုံကြည်ချက်တွေ ပြည့်နှက် နေသော တန်ခူး၏ မျက်နှာလေး ကို ကြည့်ရင်း တန်ခူးကို လွမ်းဆွတ် သတိ ရကြောင်းတွေထက် တန်ခူး ကို ငယ်စဉ် ကတည်းက ခုချိန်ထိ ချစ်နေမိတဲ့ အကြောင်းတွေကို အမြန်ဆုံး ဖွင့်ပြောရန် ဆုံးဖြတ်လိုက် မိသည်။ ခုတော့ ကြည့် လို့မဝ၊ ရှူလို့ မဝနိုင်သေးပါ။
”တန်ခူး”
ခေါ်သံကြောင့် နှစ်ဦးသား အနောက်ဘက် သို့ လှည့်ကြည့်လိုက် သည်။ ဖြူဖြူချောချောနှင့် သူတို့ နှင့်ရွယ်တူ လူတစ်ယောက်။
”ရှာလိုက်ရတာ၊ တန်ခူးက တနင်္လာထောင့်ကို ရောက်နေတာ ကိုး”
”ဟုတ်တယ် မောင်ရဲ့၊ နေ့နံ တွေ အလိုက် ပိတောက်ပန်းတွေ လိုက်လှူနေတာလေ။ အော်…မောင့်ကို မိတ်ဆက်ပေး ရဦးမယ်။ ဒီမှာလေ.. တန်ခူး ပြောပြောနေတဲ့ တန်ခူး ရဲ့ ငယ်သူငယ်ချင်း အာကာ တဲ့။ ဒီမှာ မထင်မှတ်ဘဲ ပြန်တွေ့ တာလေ။ အာကာ…သူက တန်ခူး ရဲ့ ချစ်သူ ကိုမိုးယံတဲ့။ သင်္ကြန် ပြီးရင် မင်္ဂလာဆောင်တော့ မှာလေ။ ဒီနေ့ သူ့ကုမ္ပဏီက ဝန်ထမ်း တွေကို အစည်းအဝေး လုပ်နေလို့ တန်ခူးက တစ်ယောက်တည်း အရင် လာခဲ့တာ။ ခုမှ အစည်းအဝေး ပြီးလို့ လိုက်လာတာ။ အာကာ။ တန်ခူးရဲ့ မင်္ဂလာပွဲ ကို လာရမယ်နော်…”
‘တန်ခူး’၏ အသံတွေက သူ့ နားထဲတွင် ကြား တစ်ချက် မကြား တစ်ချက်။ ဘာတွေ ပြောနေလို့ ဘာ တွေဖြေလိုက်မှန်း မသိတော့ပါ။ တန်ခူး တို့က နှုတ်ဆက်ပြီး သူ့အနား မှ ထွက် သွားကြသည်။ သူဘာဖြစ် သွားမှန်း မသိတော့။ သင်္ကြန်အကြို မိုးဖွဲလေးတွေက တဖွဲဖွဲနှင့် သူ့ကိုယ် ပေါ်ကို ကျလာသည်။ စောစောက ပျော်ရွှင် ရင်ခုန်ခဲ့ ရသော ကြည်နူးမှု လေးတွေ အားလုံး၊ မိုးရေတွေနှင့် အတူတူ မျောပါကုန်ပြီ။ သင်္ကြန် ရောက်တိုင်း လွမ်းနေရသော ဝေဒနာတွေ ကို တန်ခူး ကိုယ်တိုင် တိတိကျကျ အဖြေပေး လိုက်ပါပြီ။ ချစ်ခွင့်လေးတောင် မပန် လိုက်ရပါ ပဲနှင့် အသည်း ဟက်တက်ကွဲသွား သော သူ့အဖြစ် ကို တန်ခူးကတော့ သိလိမ့်မည် မဟုတ်ပါ။
ဘဝ သမားလေး တန်ခူးက၊ သူ့အကြောင်း ကို အမြဲပြောပြောနေ တယ်တဲ့လား။ ဒါဆို တန်ခူး အခက်ခဲဆုံး အပင်ပန်းဆုံး အချိန်တွေမှာ တစ်ဦးတည်းသော အားကိုး ရာဖြစ် တဲ့ သူ့ကို ဘယ်လောက်တောင် သတိရနေမလဲ ဟု တွေးမိရင်း၊ ရင် ထဲက ပိုပြီး နာကျင်လာသည်။
သူ့ကို သတိ ရနေသော မိန်းကလေးကို ဘာကြောင့်များ တွေ့အောင် မရှာခဲ့တာလဲဟု သူ့ ကိုယ်သူ မေးခွန်းတွေ ထုတ်နေမိ သည်။ သင်္ကြန်မိုး က ဖွဲဖွဲလေးရွာနေ ရာမှ ဝေါ ခနဲ ရွာချ လိုက်လေသည်။
ဒါဆို နောက်နေ့ ပိတောက် တွေ လှိုင်လှိုင် ပွင့်တော့မည်။ ပိတောက်တွေ ပွင့်တိုင်း သူမြတ်နိုး စွာ ချစ်ခဲ့ရပြီး တွေ့အောင် မရှာနိုင် ခဲ့သောကြောင့် လက်လွှတ် ဆုံးရှုံးခဲ့ ရသော တန်ခူးကို ထာဝရ သတိရ နေဦးတော့မှာပါ။
လိုချင်တာကို ရအောင် မရှာနိုင် ခဲ့သော သူ့အဖြစ်ကို သူ ဘယ်တော့ မှ ခွင့်မလွှတ်နိုင် လောက်အောင် သင်ခန်းစာ ရသွားခဲ့ပြီ။ ပိတောက် တွေပွင့်တိုင်း တန်ခူးကို သတိ ရနေ ဦးတော့မှာပါ။ ပြီးတော့ သူ တကယ် မြတ်မြတ်နိုးနိုး၊ လိုချင်သော အရာရှိလျှင်လည်း ရအောင် ယူနိုင်ဖို့ ကြိုးစားရဦးမည်။
စူးရှမြတ်မြတ်