(၁)
ကသုတ်ကရက် မူဆယ်ကို နှုတ်ဆက်
ကျွန်မတို့ ခရီးစဉ်မှာ မူဆယ် ဆိုတာ ရောက်တယ်ဆိုရုံကလေး ရောက်ရတဲ့မြို့ပါ။ မူဆယ့် ရင်ခွင် ကျယ်ကြီးထဲ တိုးဝင်ခွင့်မရခဲ့ပါ။ အပေါ်ယံတို့တို့ထိထိ ပြေးပြေး ဖျန်းဖျန်းကလေးပဲ နမ်းရှိုက်ခွင့် ရလိုက်တာပါ။
”မမှောင်ခင် ဟိုဘက်ကို ကူးရ အောင် ခပ်သွက်သွက်ကလေးဈေး ဝယ်ကြမယ်”
ကိုအောင်ကျော်မိုးရဲ့ နှိုးဆော် သံအကြားမှာ ကျွန်မတို့ စားသောက် ဆိုင်က ခပ်သွက်သွက်ထ ဖြစ်ကြပါ သည်။ မူဆယ်ရောက်မှ ဈေးမ ဝယ်လျှင် အမိုက်နင့်ပြင်ရှိပါဦး မလားလို့ စာချိုးရမယ် နယ်စပ်မြို့ ဆိုတော့ ကျွန်မတို့ ဈေးတန်း တွေဆီ ရောက်ချင်လှပါပြီ။ တကယ်ဆို ကျွန်မက ဈေးဝယ်ကျွမ်းသူ ဈေးဝယ် ရာမှာ ဓလေ့ထုံသူတစ်ယောက် မဟုတ်လှပါ။ ဈေးဆစ်ရတာ၊ တန် မတန် စဉ်းစားချင့်ချိန်ရမှာ အလွန်ပဲ ဝန်လေးလှသူ ဖြစ်ပါသည်။ ဈေး ဝယ်တော်သည့် မိန်းမတွေထဲမှာ ကျွန်မ မပါဝင်ပါ။ဈေးဝယ်တဲ့အခါ ကျွန်မစဉ်းစား ပုံ စဉ်းစားနည်းကို ဘယ်မိန်းမမှ စဉ်းစားကြမယ်မထင်ပါ။ ဒီပစ္စည်း ဟာ ကိုယ်လုပ်တတ်ပစ္စည်းလား၊ ကိုယ်မလုပ်တတ်ရင် သူပြောတဲ့ ဈေးတန်တယ်။ တချို့ သိုးမွေး (လက်ထိုး)လို ပစ္စည်းမျိုး ကျွန်မ ထိုးတတ်နေတော့ သူပြောတဲ့ဈေး၊ မပေးချင်ဘူး၊ မပေးနိုင်ဘူး၊ မတန် ဘူးထင်တယ်။ သည်လို စဉ်းစား တာပါ။ ဒါကြောင့် ကျွန်မဈေးဝယ် လျှင် စစ်စစ်ပေါက်ပေါက် ခဲရာ ခဲဆစ် ဈေးဆစ်ခြင်းမရှိ၊ သား ငါးဟင်းရွက်ဝယ်လျှင်လည်း ဆင်းရဲ သူဆင်းရဲသား တစ်ကျပ် ငါးမူးစား တာ စားပါစေဆိုသည့် စိတ်နှင့် နင့်ခနဲ ဆစ်မနေချင်တော့၊ တစ်ခါ တစ်ရံ တစ်ဖက်က ဈေးကို တအား ဆိုထားမှန်းသိလျက်နှင့် သင်းလိမ် လျှင် သင်းအပြစ် သံသရာမှာခံရမှာ ပေါ့ဟူ သော အတွေးဖြင့် စိတ်ကို ဒုံးဒုံးချ ဝယ်တတ်သည်။
သည်လို အရည်အချင်းမျိုးနှင့် ဈေးဝယ်သူဆိုတော့ ဈေးဝယ်တော် သူ စာရင်းထဲမှာ ကျွန်မ မပါဝင် နိုင်တာ သေချာလှသည်။ မူဆယ် ရောက်ပြီးဘာမှ မဝယ်ဘဲ ပြန်ပါက လည်း မိုက်မဲရာ ကျဦးမည်။ ကျွန်မတို့ မလည်မဝယ်တွေကို လည်လည်ဝယ်ဝယ် ကိုအောင်ကျော် မိုးက ဈေးတန်းကြီးထဲ ဦးဆောင် ခေါ်ချသွားသည်။ တရုတ်ဘက်မှ ဝင်သည့် အနွေးထည်၊ ခြုံစောင်၊ ဘောင်းဘီ ရှည်၊ ခေါင်းစွပ်၊ မာဖလာ စသည့် အသုံးအဆောင်တွေသာ များသည်။ လှလည်းလှ တန်လည်း တန်သည့် အနွေးထည် တစ်ယောက် တစ်ထည် ဝယ်ဖြစ်ကြသည်။ ကျန် တာတွေက တစ်ထောင့်ငါးရာဖိုး ဝယ်လျှင် သုံးလေးမျိုးရသော ဖန်စီ ပစ္စည်း ကလေးတွေ အနည်းအကျဉ်း ဝယ်ဖြစ်သည်။ မှတ်စုစာအုပ် ကလေးတွေ၊ ဆွဲကြိုး၊ လက်ကောက်၊ နားဆွဲ၊ သော့ချိတ်လို ပစ္စည်းမျိုးတွေ ဖြစ်သည်။
တရုတ်ဘက်မှဝင်သည့် ပစ္စည်း တွေက ပေါ့ပေါ့ပါးပါးရော လေး လေးပင်ပင်တွေပါ မြန်မာတွေကို မြှူဆွယ်နေတာပါလား။ စားသောက် ဖွယ်ရာ သစ်သီးဝလံတွေ ဆိုသည်မှာ လည်း ဝယ်ချင့်စဖွယ်။ ခရီးတာ ရှည်ကွာလှမ်းခြင်းကို ထောက်ချင့်၍ ဈေးဝယ်ခြင်းကို ရပ်နားလိုက်ကြ သည်။
နောက်တစ်ခါကားရပ်တော့ ကျွန်မတို့ကို တစ်ဖက်နိုင်ငံမှာ တစ်ညတာ တရားဝင်တည်းခိုစေဖို့ ဗီဇာထုတ်ပေးသည့်နေရာ ဖြစ်သည်။ မောင်မင်းကြီးသား ကိုအောင် ကျော်မိုးကောင်းမှုနှင့်ပင် သူတစ်ပါး တွေလို တန်းစီးစောင့်စရာမလိုဘဲ တစ်ဖက်နိုင်ငံကူးဖို့ဗီဇာကို လွယ် လင့်တကူ ရခဲ့၏။
”တို့တစ်တွေတော့ အခွင့်ထူးခံ တွေ ဖြစ်နေပြီထင်တယ်”
ကျန် ဆရာမ နှစ်ယောက် ဘယ်သူ့ဆီကမှန်းမသိ အသံထွက် လာသည် စာရေးဆရာဆိုသည်က အခွင့်ထူးခံကိစ္စတွေနှင့် အလှမ်းဝေး ကြရသူတွေမို့ တစ်ခါတလေ အခွင့်အရေးရတာကိုပင် မျက်နှာပူ မနေတတ် အနေခက်နေကြရသည်။ အခွင့်အရေးနှင့်နေသားမကျသူတွေ ဖြစ်သည်။ ထိုနေ့က မူဆယ်မှာ ထိစပ်ကျွမ်းဝင်သူများလှသော ကို အောင်ကျော်မိုး ကျေးဇူးနှင့်ပင် နေမစောင်းမီ တစ်ဖက်နိုင်ငံစည်းရိုး ကို ကျော်မိကြသည်။ အိမ်နီးချင်းဆို မှ တကယ့်ခြေတစ်လှမ်းစာ အိမ်နီး နားချင်းပါလား။ တစ်ဖက်မြေရောက် သည်နှင့် နယ်စပ်အထိမ်းအမှတ် ညောင်ပင်ကြီးကို ဓာတ်ပုံရိုက်မိ လေသည်။ တရုတ်ဘဲဥတစ်ယောက် အလျင်စလိုရောက်လာကာ သူတို့ ဘာသာစကားနှင့် ကွိကွိကွကွ ပြောတော့သည်။ ဓာတ်ပုံရိုက်လို့ မရဟုလာတားမြစ်ခြင်းပင်။ မျက်နှာ ထားကလည်း အတော်တင်းသည်။ တို့မြေထဲရောက်ပြီ ဆတ်ဆတ်ထိမခံ ပုံစံမျိုး၊ ကိုအောင်ကျော်မိုးဘာတွေ ပြန်ကွိကွ လိုက်သည်မသိ ထွက်သွား တော့သည်။ကိုယ့်တိုင်းပြည်မဟုတ်ပါလား ဆိုသော အသိက စိတ်ဓာတ်မလုံခြုံ မှုကို အပြေးအလွှားသယ်ဆောင် လာလေသည်။ ရောက်ဖူးရုံ သက် သက်လာတာဟေ့… မင်းတို့ဆီ က ဘာပဲရရ နှိုက်ကလော်ထိုးဆွဖို့ လာတာမဟုတ်ဘူး။ မင်းတို့သာတို့ ဆီက…အသံမထွက်သော အကျိတ်အခဲ တို့လည်ချောင်းဝဆီ ပြေးတက်လာသည်။သူတို့လုပ်ငန်းခွင်ဝတ်စုံကို စမတ်ကျကျဝတ်ထားသော ထိုသူ သည် မလှမ်းမကမ်းတွင် သေနတ် ထမ်း လမ်းလျှောက်နေသည်မှာ တိုင်းပြည်ဝန်ကို ဦးဆွေးဆံမြည့်ထမ်း ရွက်တော့မည့်ပုံ၊
အေးခဲမာထန်နေ သောမျက်နှာက အိမ်နီးနားချင်းတွေ ပေါ် မိတ်ဆွေဖွဲ့လိုဟန် မရှိ၊ မတူ မတန် မျက်နှာပေးမျိုး၊ မျက်ပေါက် ကျဉ်းကျဉ်းနှင့် မှေးစင်းကြည့်နေပုံက ကောက်ကျစ်မှုတွေ အပြည့်၊ အသီး ကိုလည်းခူး၊ အကိုင်းကိုလည်းချိုင်၊ အညွန့်အခက်တွေကို ရိုက်ချေ၊ ပင် စည်ကို ခုတ်လှဲ၊ အမြစ်ကိုပါ ထိုးကလော် တူးဆွယူမည့် လောဘ လောင်မီးတွေ ဟူးဟူးထနေသည့် အသွင်အပြင်။နေပါဦး… ကျွန်မ သည်လို အသွင်အပြင်နှင့်လူမျိုး ဘယ်မှာ တွေ့ဖူးပါလိမ့်၊ မှတ်မိပြီ၊ တစ်ခုသော ဆောင်းရက် မြဝတီမြို့ဆီသို့ စာပေ ဟောပြောပွဲကိစ္စနှင့် ရောက်သွားစဉ် က ဖြစ်သည်။
”ရောက်တုန်းရောက်ခိုက် ရောက်ဖူးတယ်ရှိအောင် မဲဆောက် ဈေးသွားကြည့်ပါလား” တည်းအိမ်က ဦးလေး တွန်း အားပေးသည်နှင့်၊ ဦးလေးသမီးက လည်း လိုက်ပို့ချင်နေသည်မို့ တစ်နေ့တာ ပတ်စပို့လုပ်ဖို့ တံတား ကို ဖြတ်ကူးခဲ့ကြသည်။ နှစ်နိုင်ငံကြား သောင်းရင်းမြစ်ခြားထားလေရာ၊ တံတားသည်ဘက်ထိပ် မြန်မာဂိတ် မှာ ဘာပြဿနာမှမရှိ။ ဟိုဘက်ထိပ် သူတို့နိုင်ငံထိပ်ဂိတ်ရောက်တော့ ပြဿနာပေါ်တော့သည်။ လက်မ နှိပ်သည့် ကောင်တာမှာ အတန် မြင့်နေ၍ ကျွန်မတို့လို အရပ်ပုသူ များနှင့် အဆင်မပြေလှ။ ကောင်တာ က မြင့်နေသဖြင့် နှိပ်အားနည်းနေ လေရာ ဖန်သားပြင်မှာ လက်မရာ မထင်ပေ။
နှိပ်…နှိပ်….နာနာနှိပ်
ကောင်တာနောက်မှ မပီမသ သံကြီးထွက်လာလေသည်။ ကျွန်မ လည်း နာနာနှိပ်ပါ၏။ နှိပ်လေ မထင်လေ။မြန်မြန်လုပ်နော်။ ဒီလူက သိပ် စိတ်ရှည်တာ မဟုတ်ဘူး။ ကြာနေ ရင် လက်ကိုရိုက်ချတတ်တယ်။ ခရီးသည်များထဲမှာ သတိပေး သံဖြစ်သည်။ ဟင်…ကျွန်မ လက်ကို ရိုက်ချလို့ကတော့ အဲဒီ တိုင်းပြည်ရွှေ ထွက်နေပါစေ ကျွန်မမသွားဘူးဟု ဆုံးဖြတ်လိုက် မိသည်။ ထိုအချိန်မှာပင် ဖန်သား ပြင်မှာ လက်ရာထင်သွားပြီဖြစ် သည်။ ကောင်တာနောက်မှမျက် နှာသည် အိမ်နီးနားချင်းတွေအပေါ် မိတ်ဆွေမဖြစ်ချင်သည့် မျက်နှာ၊ ဖော်ရွေမှုကင်းသည့် မျက်နှာ၊ ရေ ကြောမြေကြော စပ်နေသော်လည်း သူ့ရေကမှ ပိုချို၊ သူ့မြေကြီးကမှ ရွှေသီးအယူစွဲရှိသည့်မျက်နှာ။ သြော် …ယခုလည်း ထိုမျက်နှာ မျိုးနှင့်လာကြုံ နေရပါပကော။
ဟိုဘက်ခြမ်းက မီးထိန်ထိန်
ရုပ်ဝတ္ထု ပစ္စည်းများ၏ တိုး တက်မှုကား ကျွန်မစိတ်ကို မဆွဲ ဆောင်နိုင်ပါပေ။ ကြယ်ဂေါင်မြို့ ကြီး၏ ညနေဆည်းဆာရီကား ပြိုး ပြက်တောက်ပမှုများဖြင့် တန်ဆာ ဆင်ထား၏။ စည်းရိုးခြား သွားသလို မြင်ကွင်းရှုကွက်များလည်း ပြောင်း လဲသွားသည်။ ဘယ်နေရာ ကြည့် ကြည့် တောက်ပသစ်လွင်ခမ်းနား ခြင်း မျှော်စင်များ။”ဒီမြို့ဟာ သိပ်မကြာခင်နှစ် အတွင်း စည်ပင်ကြီးထွားလာတဲ့မြို့ ပေါ့။ ဒီမြို့က စိမ်းစိုမှုဟာ ကျွန်တော် တို့ဆီက မြစ်ဖျားခံလာတယ်လို့ ပြောရင်ရတယ်။ ဒီမြို့က စိမ်းစိုနေ တဲ့ သစ်ပင်တောအုပ်တွေဟာ ကျွန်တော်တို့ဆီက ရွေ့လျားလာ တာပါ။ သစ်ပင်ကြီးငယ်တွေ များ ရောက်လာတုန်းက လူလိုပဲ ပိုက် တန်းလန်းနဲ့…”ဒေသကျွမ်းကျင်သူ ကိုအောင် ကျော်မိုးစကားက တွေးစရာတွေ များလှ၏။ ကိုယ့်ဆီက အရင်းအမြစ် တွေနှင့် စည်ပင်နေသောမြေမှာ သူတို့မျက်နှာထားမာမာတွေက မခံချိမခံသာဖြစ်စရာကောင်းနေ၏။ သစ်ပင်တွေကို ဗီတာမင်ပေးပြီးရွှေ့ သတဲ့။ သူ့မြေ မဟုတ်သည့် နေရာ သို့ ဆေးထိုးအပ်ပိုက်တန်းလန်းနှင့် အဓမ္မဆောင်ကြဉ်းခံရသော သစ်ပင် တို့ခမျာ ဘယ်လိုမှ ပျော်ရွှင်နိုင်မည် မဟုတ်။
”သစ်ပင်တစ်ပင်လုံးကို ထားပါ ဦး၊ တစ်တောင်တစ်ထွာလောက် တွေလည်း ရတဲ့နည်းနဲ့ထွက်နေ တာ သူတို့က ဒီဘက်က ဘာပဲဖြစ်ဖြစ် အကုန်ယူတယ်။ ဒီလိုအတိုအထွာ ကလေးတွေဆိုင်ကယ် ကယ်ရီနဲ့ ထွက်ကုန်တာပေါ့။ ဒီမှာက ကုန် ကြမ်းပဲ လိုတာ၊ ကုန်ချောဖြစ်ဖို့က လွယ်လွယ်လေး….ဟိုမှာကြည့် ပါဦး။ မီးအလှဆင်ထားတဲ့ ဧရာမ သစ်တုံးကြီးတွေ ရုပ်တုကြီးတွေ ဒါတွေ ကျွန်တော်တို့ဆီကရတဲ့ သစ်တွေနဲ့ လုပ်ထားတာ”ကြယ်ဂေါင်ညချမ်းကား ကျွန်မ စိတ်ကို အထူးပင်ညှိုးနွမ်းစေလေ သည်။ ကိုအောင်ကျော်မိုး တည် ခင်းသော ညနေစာမှာ စားသောက် ဖွယ် စုံလင်လှသော်လည်း ထင် သလောက် စား၍ မဝင်ချေ။
ကို အောင်ကျော်မိုး ဇနီး မွန်မွန်အောင် နှင့် သားလေးမှာ ကဏန်းတွေမှာ ထားပြီးစားမကုန်နိုင်ဖြစ်နေ၏။ ဒီကဏန်းတွေလည်း ကျွန်မတို့ဆီ ကပဲ ဖြစ်မည်။ လတ်လတ် ဆတ် ဆတ် မရှိ အချိုဓာတ် အတော်နည်း နေသည့် ကဏန်းတွေဖြစ်သည်။အပြန်လမ်းမှာ မူဆယ်မှာ တုန်းကလိုပဲ ဖန်စီပစ္စည်းတွေရောင်း သည့်ဆိုင်ကလေးတွေ တပြန့်တပြော တွေ့ရ၏။ ကျွန်မတို့မှာ ဟိုငေးသည် ငေး။ ”ဆရာမတို့ ပိုက်ဆံအိတ် သတိထားနော် ဒီမှာက အလစ်သုတ် သမားတွေလည်းရှိတယ်။ ပြဿနာ တစ်စုံတစ်ခုဖြစ်ရင် ကိုယ်က ဧည့် သည်ဆိုတော့ ခံဖက်က ချည်းပဲ။ သူတို့နိုင်ငံသားမဟုတ်ရင် ဘာမှ တာဝန်မယူဘူး။ ပြဿနာ မဖြစ် တာအကောင်းဆုံးကျွန်မတို့ခြေလှမ်းတွေ သွက် လိုက်ကြ၏။ ပြိုးပြက်ထိန်လင်းနေ သော မီးရောင်အောက်တွင် လုံခြုံမှု အပြည့်အဝမရှိဘူးဆိုတော့ဟိုတယ် ပြန်ပြီးအိပ်ကြတာမှ ကောင်းဦးမည်။ ချောင်ဒရီ ဟိုတယ်ကားခမ်းနားလှ ပသော်လည်း ဝန်ဆောင်မှုအားနည်း လှပေ၏။ သူတို့က သူတို့ လူမျိုး သူ တို့စကားသံကိုမှ အထင်ကြီးလေးစား အရေးတယူ လုပ်တတ်လေရာ ဘာ မေးမေး အဖြေမရ၊ အင်တာနေရှင် နယ် လှုပ်ရှားမှုနှင့်လည်း အကြောင်း မပြန်၊ အပြုံးပန်းပန်ဖို့ဆိုတာ ဝေ လာဝေး၊ ကိုအောင်ကျော်မိုး သူတို့ ဘာသာ စကားနှင့်ပြောမှ အသံ ထွက်လာသည်။ တိုတို ပြတ်ပြတ် မပြောချင် ပြောချင်၊ မဖြေချင့် ဖြေ ချင်။စိမ်းပြတ်တိုတောင်း မနွေးထွေး သော ဝန်ဆောင်မှုဖြင့်ပင် ထိုည တစ်ည ကုန်ဆုံးရ၏။
ပန်းတိုင်းမွှေးစေ ကမ္ဘာမြေ
နောက်နေ့(၉.၁၁.၂ဝ၁၂) ရက်နေ့ နံနက်ခင်း လန်းဆန်းသစ် လွင်စွာ ရောက်ရှိလာသည်။ ဤ ဒေသတွင် ရောက်နှင့်နေသော မိတ် ဆွေဟောင်းကြီးနှင့် ဖြိုးမောက်သာ (၁) လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံ ကြသည့် ပွဲကားမမေ့နိုင်စရာပါပေ။ စကားလက်ဆုံပြော၍ မကုန်နိုင် ကြ။
”ဆရာကြီးဒေါ်ခင်ဆွေဦး (မေဦး) ဆီဘာမှာဦးမလဲ”
”ကျွန်တော်နဲ့ မမဦးက ဖုန်း အဆက်အသွယ်ရှိပါတယ်”
မနေ့က သူတစ်ပါးမြေပေါ်မှာ အလိုမကျမှုတွေ တင်းကျမ်းပြည့်နေ သော ကျွန်မစိတ်တွေလည်း မိမိ လေးစားညွှတ်ကိုင်းရာ မိတ်ဆွေ ကြီးကို မြင်တော့ လျှောကျကုန်တော့ သည်။ စိတ်ဆိုသည့်အရာကား ဆန်းကြယ်ပေစွတကား။နေမရင့်မီ ကားပေါ်တက်ပြီး ခရီးဆက်ကြရသည်။ လယ်ကွင်းပြင် ပေါ်တွင် မြို့တည်ထားသော ဂျန်း ဖုန်းမြို့ကို ဖြတ်သွားရသည်။ ကုန် ကား ၂၂ ဘီးကားကြီးတွေဖြတ်သွား တာမကြာခဏ တွေ့ရ၏။ ဓာတ်မြေ သြဇာ၊ ကဏန်း၊ ငါးရှဥ့်များဖြစ်နိုင် သည်ဟု ခန့်မှန်းရ၏။ ဂျန်းဖုန်းမြို့ ဖြတ်လမ်းတစ်လျှောက်ကြံခင်းများ ကို တွေ့ရသည်။ သူတို့မြေ အဆုံး လိုင်းရင်းသို့ ရောက်သောအခါ နံနက် ၁၁ နာရီ ထိုးရန် ၁၅ မိနစ် အလိုတွင် ဖြစ်သည်။ ကျွန်မတို့ မြန်မာ့မြေထဲ ပြန်ဝင်ခဲ့ကြသည်။ထို မြို့သည် လွယ်ဂျယ်မြို့ဖြစ်သည်။ကချင်၊ ရှမ်း၊ တရုတ်လူမျိုးတို့ နေထိုင်ကြသော်လည်း မြန်မာစကား ကို ပြောဆိုဆုံးမသုံးနှုန်းရသော နေရာ ဖြစ်သည်။ ကျွန်မတို့ ဒီမှာ ခဏနား၊ ထမင်းစားမည်၊ ကား ပြောင်းစီးမည်၊ ပြီးတော့ ဗန်းမော် အထိခရီးနှင်ကြမည်။ လွယ် ဂျယ်ဈေးက ခပ်သွေ့သွေ့ပင်။ မျက်နှာများကလည်း နယ်စပ်ဒေသ တွေမှာ မြင်တွေ့နေကျအရိုးခံကျေး လက်ဆန်ဆန် မျက်နှာများ။ မနေ့ က သူတစ်ပါးမြေမှာ ခံစားရသော စိတ်ဖိစီးမှုများ မရှိတော့။
ထိုနေ့ နံနက်စာကို လွယ်ဂျယ် ဈေးအနီး လွယ်ဂျယ်ဦးစတိုးဆိုင်မှ ကိုကျော်ဇေယျ+မအယ်ထွေးတို့ ကကျွေးမွေးသည်။ စာချစ်သူ လူဝင် မှုကြီးကြပ်ရေး အရာရှိ တစ်ယောက် နှင့် မိတ်ဆွေဖြစ်ရ၏။မွန်းလွဲ ၁၂ နာရီခွဲခန့် ကိုအောင်ကျော်မိုး စီစဉ်ထားသော နောက်ကားတစ်စီးပေါ်တက်ရပြန် သည်။ လွယ်ဂျယ်ဗန်းမော် မိုင် ၆ဝ ခရီး၊ မိုးမောက်၊ မန်းမောကို ၉ မိုင် တဲ့ ကျွန်မတို့ကား တောအစိမ်း တောင်အစိမ်းတွေဆီတိုးဝင်ခဲ့ပြန် သည်။ မြွေလိမ်မြွေကောက်တောင် ဆင်းတောင်တက်တွေများလာ သည်။ လမ်းကတော့ ဖြူးလို့ပင်။”ဒါ တရုတ်ဘက်က လာ ဖောက်ထားတဲ့လမ်း၊ ကျောက်တုံး ကလေးတွေကို စေ့နေအောင် ရိုက် သွင်းပြီး ခင်းထားတာကြည့်ပါ လား။ အရင်ကဆို သူတို့က ဝန်ထမ်းတွေ ခန့်ပြီးလမ်းကို အမြဲပြု ပြင်ထုထောင်း နေတာ၊ အခု ဒုန်းဒုန်း ဒိုင်းဒိုင်း ဖြစ် လာတော့ ပြေးကုန်ပြီ ဒီအတိုင်း ပစ်ထားရင်တော့ လမ်းတွေ မကြာ ခင် ပြန်ပျက်လိမ့်မယ်” ကားဒရိုင်ဘာကားပေါ့သေး သေးမဟုတ်၊ ကျွန်မတို့ဧည့်သည်တွေ မှန်းသိသဖြင့် ဒေသဝန်းကျင်ဗဟု သုတတွေ ဖြန့်ဖြူးနေခြင်းပါ။ ဒီဘက် က ပစ္စည်းတွေ ဒလဟောစီးဝင်နိုင် ဖို့ လမ်းပင် ဖောက်ပေးသော ကျေးဇူးရှင်များပါပေ။ ထူးဆန်း သည်မှာ ကားအတက်အဆင်း များ များ မတွေ့ရ၊ ကျွန်မတို့ ကား တစ် စီးတည်းသာ ပျင်းရိခြောက်သွေ့စွာ ကွေ့ ကောက်တက်ဆင်းနေသည်။
”ဟော ရောက်ပါပြီဗျာ နာမည် ကျော် စိန်လုံကဘား”
ကားသည် ဂျိခနဲရပ်သွားသည်။ လမ်းဘေးတွင် ရွာအမည်အထိမ်း အမှတ်ကျောက်တိုင်တစ်ခု။ ကျောက်တိုင်နောက်မှာ ရေးထား သည်က ”ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲ ခြေမှုန်း…”တဲ့။
”ဒီနေရာ KIA လက်က တပ်မတော် ပြန်သိမ်းထားတာ မကြာသေးဘူး။ ဟိုအချိန်ကဆို ဒီ လမ်းဘယ်သွားရဲ ပါ့မလဲ။ အခုတော့ ….ကျွန်မတို့ကား မြေပုံထဲတွင် စိန်လုံကသားဟုရေးထားသော ထို စိန်လုံရွာမှ မခွာနိုင်ကြ။ ကျောက် စာတိုင်မှတ်တမ်းအရ အိမ်ခြေ ၂၆ ဟုဖော်ပြထားရာ ယခု တစ်အိမ်မှာ မှ လူမရှိတော့၊ အဆောက်အဦတွေ မှာ ဒီအတိုင်းဟောင်းလောင်း၊ လူသံ သူသံ မကြားရ၊ စစ်ယမ်းဘီလူးငွေ တွေကြားမှ လူတွေ ထွက်ပြေးစွန့်စား ခွာသွားတာ ဘယ်လောက်ကြာလေ ပြီလဲ။ ချိုင့်ဝှမ်းအနိမ့်တွေဆီ ဆင်းရာ လမ်းသည် လမ်းဟုပင် မပီပြင် တော့။
”ဆရာမတို့ ခြုံတော မတိုး ကြပါနဲ့၊ အန္တရာယ်ရှိတယ်။ ဗုံးလက် ကျန်တွေရှိနိုင်တယ်။ ခရီးကလည်း အဝေးကြီးကျန်သေးတယ်။ သွားကြ ရအောင်’ဒရိုက်ဘာကြီးနှိုးဆော်သံကား အချည်းအနှီးပင်။ ဆရာမ ရွှေကူ မေနှင်းသည် ခြေသွက်သလို လက် လည်းသွက်လှ၏။ ကင်မရာမီး တွေ တဖျပ်ဖျပ်၊ နှုတ်ကလည်း … ကြည့်စမ်းပါဦးဟယ်…ကြည့်စမ်းပါဦးဟယ်…နှင့် တဖျစ် တောက်တောက်။
ဆရာမ ဒေဝီသန့်စင်ကား ကမ်းပါးစွန်းမှာ ရပ်လျက်တော အစိမ်းတောင်အစိမ်း တွေဆီငေး ကြည့်နေသည်။ ရေမြေ တောတောင် ၏ စိမ်းစိုသစ်လွင်မှုမှာ ငြိမ်းချမ်းရေး ဝတ်ရုံမလွှမ်းခြုံနိုင် သေးသဖြင့် မြင်မြင်လေရာ ခြောက် သွေ့ကွဲရှနေ မှုအပေါ် ယူကျုံးမရ မျက်ဝန်များ နှင့်။ အဝေးတစ်နေရာ လူနေအိမ် ခြေများအပေါ် တောင်ကုန်းကမူ ကလေး၌ အထီးတည်းကျန်နေသော ခရစ်ယာန်ဘုရားကျောင်းကလေးက တိမ်ဆုပ်ဖြူဖြူများအောက်မှာ မလှုပ်မရှက်။ အမိုးအကာများပျက် ယွင်းအုတ်တိုင်တွေချည်းသာ ကျန် တော့သော အထက်တန်း ကျောင်း ဟောင်းမြင်ကွင်းက အတိတ် သမိုင်း တစ်ပိုင်းတစ်စကို လှစ်ဟနေ သယောင်။
”တို့ဆရာ ဆရာဗန်းမော်ညိုနွဲ့ ဟာ ၁၉၄၉ – ၁၉၅ဝ လောက်က စိန်လုံမှာ အထက်တန်းပြဆရာ လုပ် ခဲ့တာပေါ့။ အနီးဝန်းကျင်က ပိုက်ဆံ ရှိ သားသမီးတွေလည်း ဒီကျောင်း ကြီးမှာ…”
မမနှင်းအသံကပင် တဆွေး မြေ့မြေ့။ ဒါဆိုလျှင် ဒီနေရာဟာ တစ်ချိန်က ကြီးကျယ်ခမ်းနား စည်ပင်ခဲ့ရာ နေရာတစ်ခုပေါ့။ ဖြစ် တည်ဖို့ ခက်ခဲ သလောက် ပျက်သုဉ်း ဖို့လွယ်ကူသော လောကဓမ္မတရား သည် စိန်လုံမြို့ ကလေးပေါ်မှာ အုပ်ဆိုင်းမှိုင်းတွဲ့နေသည်မှာ နှစ် တွေ မနည်းလှပါလား။ ကျွန်မ အတွေးထဲမှာ လွမ်းဆွတ်ကြေကွဲ ခြင်း ဒိုင်ယာရီစာမျက်နှာများ တဖျပ် ဖျပ် လွင့်လာပြန်သည်။ ”အမြင်ကျဉ်းသည့် လူမျိုးငယ် ဝါဒနှင့် အပေါ်စီးကနေလိုသည့် လူမျိုး ကြီးဝါဒတို့ကြား အားပြိုင် နေခြင်းဖြင့် စစ်မှန်သော ပြည်ထောင် စုနိုင်ငံသို့ လျှောက်လှမ်းနိုင်မည် မဟုတ်ချေ”တဲ့။ ဒေါက်တာ မြင့်သိန်း (သမိုင်း)သုတေသန၏ သတိပေး စာတန်းကလေးက ကျွန်မတို့ မေ့ လျော့နေသည်များကို တပ်လှန့်ပေး လိုက်၏။
”ဟောသည်မှာလည်း သမ္မာ ကျမ်းစာအဆုံးအမ တစ်ခုချိတ်ဆွဲ ထားသည်ပါလား”
”အပြစ်မှ နောင်တရပြီး ခရစ် တော်ကို ယုံကြည်လက်ခံပါ…တဲ့”
ကျွန်မအနေနှင့်မူ ငြိမ်းချမ်းရေး ကို ဖျက်ဆီးသူများအားလုံး ထို အပြစ်မှ နောင်တရစေချင်လှ၏။ အေးအတူပူအမျှ ချစ်ခင်စွာ ဆွေး နွေးညှိနှိုင်းစေချင်လှ၏။ တိုင်းရင်း သားများအရေးသည် မြန်မာ့အရေး ပင်ဖြစ်သည်။ ရခိုင်အရေးမို့၊ ရှမ်း အရေးမို့၊ ကချင်ရေးမို့ မျက်နှာလွှဲ ထား၍ ရသည်မဟုတ်။ ဆွေးနွေး ညှိနှိုင်း အဖြေရှာမှုအောက်မှာ ရလဒ်ကောင်းများကို ဖော်ဆောင် တည်ဆောက်ကြရမည်။တစ်ချိန်က ဗိုလ်ချုပ်အောင် ဆန်း ပြောခဲ့သော တစ်နေ့ကျရင် တိုင်းရင်းသာိးတွေ ခွဲမထွက်ချင် အောင် အစဉ်အမြဲ အတူတကွ ပူး ပေါင်းနေထိုင် ချင်အောင် ငါတို့က လုပ်ဆောင်ပေး ရမယ်ဆိုသော စကားသည် တောတောင်များ လျှို မြောင်များကို ဖြတ်၍ အာရုံထဲဝင် လာသည်။တွဲလက်ယှဉ်မလေ မခွဲတစ် သက်အစဉ်ပေတဲ့…နားယဉ်နေ သောသီချင်းစာသား အပိုင်းအစ တစ်ခု တွဲသောလက်များ စေးပိုင်နွေး ထွေးမြဲမြံဖို့ လိုသည် မဟုတ်ပါလား။ ဆရာဗန်းမော်ညိုနွဲ့ ဇာတိမြေသို့ သွားရာလမ်းခရီးပေဖို့ ဆရာ၏ ‘ငြိမ်းချမ်းရေး’ ကဗျာနှင့်ပင် ဆရာ နှင့် ထပ်တူဆုတောင်းမိရပေသည်။
ဤကမ္ဘာတွင်
မေတ္တာထုံးရစ်၊ လူချင်းချစ်သည်
စစ်နှင့်ဝေးကြပါစေသတည်း။
ကိုယ်နှင့် နှိုင်းကာ၊ ကိုယ်ချင်းစာ လျက်
ကရုဏာစမ်း၊ သွင်သွင်ဖျန်းသည်
ပန်းတိုင်မွှေးကြပါစေသတည်း။
စိန်လုံတောင်မှ ပန်းတိုင်မွှေးစေချင် သော ဆန္ဒမွန်ဖြင့်
မိချမ်းဝေ