ပြောင်းလဲခြင်းနဲ့ လိုက်ရွှေ့ကြဖို့
လေ့လာသူ အချို့သည် ကုမ္ပဏီတစ်ခုကို လှည့်ပတ် ကြည့်ရှုကြရာ အခန်း တစ်ခန်းသို့ အရောက်တွင် လွန်စွာ အံ့သြကုန်၏။ ယင်း အခန်းတွင် လက်ဝှေ့အိတ်မှ အစပြု ကာ ဂျပန်ဓား၊ မြန်မာဓား၊ လှံ၊ လေးမြား ယုတ်စွ အဆုံး လောက်လေးခွပါ နံရံတွင် အလှဆင် ချိတ်ဆွဲ ထားလေသည်။ ထို့ကြောင့် လိုက်လံ ရှင်းပြသူ ကုမ္ပဏီ တာဝန်ခံ အား မေးမြန်းရာ . . .
ဒီလိုပါ . . . အရင်တုန်း က ဒီ အစည်း အဝေး ခန်းမမှာ ကမ္ဘာ့မြေပုံ၊ မြန်မာပြည် မြေပုံ၊ ကိုယ် အဓိကထား စဉ်းစားရ မယ့် ပြည်နယ်၊ တိုင်း မြေပုံ တွေ ကို resolution ကောင်းကောင်း နဲ့ ပုံနှိပ်ပြီး ကပ်ထားတာပါ။ အစည်း အဝေးတွေ မှာ ငြင်းကြ ခုန်ကြ နဲ့ စကားတွေများပြီး ပြဿနာတွေ ဖြစ်လွန်း အားကြီးလို့ MDက ပါးစပ် နဲ့ ရန်ဖြစ်ရတာ အားမရရင် ဘာလက်နက်တွေ လိုဦးမလဲ မေးပြီး ဒီလိုပစ္စည်းတွေ ထားပေး လိုက်တော့တာပဲ။ အံ့သြစရာ ကောင်းတာ နောက်ပိုင်း အစည်း အဝေးတွေ မှာ ကောင်းကောင်း မွန်မွန် ဆွေးနွေး အဖြေ ရှာနိုင်ကြတာပဲ။ လူတိုင်းဟာ ပြဿနာ ကိုယ်စီ၊ အားနည်းချက် ကိုယ်စီ ရှိတဲ့ တန်ဖိုး ရှိတဲ့ လူသားတွေဖြစ်တယ် ဆိုတာ တဖြည်းဖြည်း သဘောပေါက် လာကြတယ်။ ဥယျာဉ်ဆိုတာ ပန်းပင်တွေ နဲ့ အတူ ပေါင်းမြက် တွေ အမြဲပေါက် တတ်တာပဲ။ အဲဒီ ပေါင်းမြက်ကို မကြာမကြာ ရှင်းပစ်ဖို့ ပဲ လိုတာလေ။ ဒါကြောင့် နားလည်မှုတွေ လွဲ၊ ဒေါသတွေ ဖြစ်လာရင် အဲဒါတွေ ကို ပေါင်းမြက်လို ဖယ်ဖယ်ပေးရင်း ကျုပ်တို့ ကုမ္ပဏီ အားကောင်းအောင် ဝိုင်း လုပ် ကြတာပေါ့။ (ဟဲ ဟဲ… နံရံပေါ်က လက်နက်တွေ ကို ကြောက်တာ လည်း ပါမယ် ထင်တာပဲ)။
ခေါင်းစဉ်များရောင်းရန်ရှိသည်
ခုတစ်လော ဆဲသံ ဆိုသံ၊ ကြိမ်းသံ မောင်းသံတွေ တော်တော် ကြားနေ ရလို့ မောင်တောက်တီး ခမျာလည်း ခပ်လန့် လန့်ရယ်။ အဖေက တစ်မျိုး၊ အမေက တစ်ဖုံ၊ အစ်မဖြစ် တဲ့ တောက်တဲ့မ က တစ်သွယ် မောင်တောက်တီး ကို ရှုထောင့် အမျိုးမျိုးက လှည့်ပတ် ချောင်းပြီး အပြစ် ရှာနေကြ သလားတောင် ထင်မိပါရဲ့။ ဒါနဲ့ပဲ အင်တာနက် လည်း မသုံးတော့ဘဲ ဂျာနယ်လေး အေးအေး လူလူ ဖတ်ပါမယ်လို့ စာစောင် တစ်စောင် ဆွဲလှန် လိုက်တော့မှ ပို ဆိုးနေသကိုး ဗျ။ မြတ်စွာဘုရား …စာဖတ်ရင်း နဲ့ ပါးရင်း နားရင်း တွေတောင် ထူပူလာ သလိုပဲ…။ အင်း… မနှစ်တုန်း ကလည်း ထမင်း တစ်နပ် လျှော့စားပါလို့ ပြောသံ ကြားလိုက်ရသေး။ အေးလေ … လူ အမျိုးမျိုး စိတ် အထွေထွေ ပေပဲကိုး…။ လူပြောမသန် လူသန်မပြော ဆိုတဲ့ စကားရှိသလို၊ လူဖြောင့် စိတ်တို လူချို စိတ်ကောက် ဆိုတဲ့ ဆိုရိုး လည်း ရှိသေး မဟုတ်လား။ ခက်တာ က မောင်တောက်တီး တို့ မြန်မာ့ရှေးဆို ရိုးလေးတွေ ကလည်း တစ်ခုနဲ့ တစ်ခု အဖွင့် အပိတ်လေးတွေ လိုလို ဖြစ်နေကြ ပြန်သဗျ။ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ဆိုတဲ့ စကား ရှိ သလို၊ သေချင်တဲ့ ကျား တောပြောင်း ဆိုတာ လည်း ရှိနေပြန်တော့ တစ်ခါတလေမှာ ဘာလုပ် ရမှန်းကို မသိတော့ သလို၊ ဘာလုပ်လုပ် အပြစ်မလွတ် သလို လည်း ဖြစ်နေပြန်ရောဗျား …။
အင်း… clean water နဲ့ purified drinking water ကို မရှင်းရာက စတဲ့ ပြဿနာ ပေါ်ပြီးနောက် ၂ ရက်လောက် မှာပဲ…။ အဲဒီကိစ္စ ကို အကြောင်းပြုပြီး လူတစ်စုက မဟာဗန္ဓုလ ပန်းခြံရှေ့ မှာ ဆန္ဒပြ ကြမယ် ဆိုလာ ပြန်တော့ မောင်တောက်တီး ခမျာ… အီးတောင် အသံ ကျယ်ကျယ် မပေါက် ရဲသလို ဖြစ်သွား ရတော့တာပဲ။ ဟုတ် တယ်လေ …တော်ကြာ သူတို့ သိသွား မှဖြင့် လေထု ညစ်ညမ်းစေမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုတွေ ခေါင်းစဉ် တပ်ပြီး ဆန္ဒပြလိုက် ကြ လို့ နေရင်း ထိုင် ရင်း နားကားနေဦးမယ်။
ဒါပေမဲ့ အလုပ်ဖြစ်နိုင်တာ တစ်ခုတော့ ရှိသဗျ။ အဲသလို အရမ်းအရမ်း ဆန္ဒပြချင်ကြ သူတွေ အတွက် ဆန္ဒပြစရာ ခေါင်းစဉ်လေးတွေ၊ ဆန္ဒပြလို့ ကောင်းမယ့် ခေါင်း စဉ်လေးတွေ ရှာပေးပြီး ဥာဏ်ပူဇော်ခလေး များယူရင် ကောင်းမလားလို့ မောင်တောက်တီး စဉ်းစားမိတာပါပဲ။ လျှောက် မပြောကြနဲ့ ဦးနော်။ တော်ကြာ သူများတွေ လက်ဦးသွားကြဦးမယ်…။
ဒီနှစ် မန်းသင်္ကြန်မှာ NGO အဖွဲ့ အစည်းတွေ စုပေါင်းပြီး ကွန်ဒုံးတစ်သိန်း အခမဲ့ ဝေမယ် ဆိုသကိုးဗျ။ မနှစ် ကလည်း ကွန်ဒုံး ခြောက်သောင်း အခမဲ့ ဝေခဲ့သေး သတဲ့။ ရည်ရွယ်ချက် ကတော့ မမှားသင့် တာတွေ မှားပြီး မလိုလား အပ် တာတွေ ဖြစ်မလာစေ ဖို့ပါပဲတဲ့။ အင်မတန် ကောင်းမွန်တဲ့ ရည်ရွယ်ချက် နဲ့ ဆောင်ရွက်ချက် ပါပဲ။ သို့သော် ကွန်ဒုံး နဲ့ ပတ်သက် လို့ မောင်တောက်တီး ကြားဖူး ခဲ့တဲ့ အရပ်စကား ဇာတ်လမ်းလေး တစ်ခု ကိုတော့ နည်းနည်း ပြောပြချင် ပါသေးတယ်။
ကွန်ဒုံးတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မသုံးကြတဲ့ အချိန် က ပေါ့ဗျာ။ အဲဒီ အချိန်လောက်က ကွန်ဒုံးသုံးရင်ပဲ မိန်းမ လိုက်စားတဲ့ သူလို့ အထင် ခံရတာမျိုးဗျ။ အဲဒီခေတ် ကတော့ HIV တို့၊ AIDS တို့ မပေါ်ကြသေး လေတော့ကာ သား ဆက်ခြားရေးနဲ့ ကာလသား ရောဂါ ကာကွယ်ရေးတွေ အတွက် ဦးစားပေး ကြရတာပေါ့လေ။ ကျန်းမာရေး ဝန်ထမ်းတွေ ဟာ ကျေးလက် တောရွာတွေ ပါမကျန် ကွန်ဒုံးတွေ လိုက်ဝေပြီး ဘယ်လို သုံးရမယ် ဆိုတာကိုပါ သင်ပြကြ ရ သတဲ့။ ရွာတစ်ရွာ မှာတော့ အဲသလို သင်ကြားပြသရာမှာ ကျန်းမာရေး ဝန်ထမ်းက ”ဒီလို ဒီလို သုံးရပါတယ်” လို့ပြောပြီး အနီးအနား က ဘူးစင်က စွန်းထွက်နေတဲ့ ဝါးလုံး တစ်လုံးမှာ ကွန်ဒုံး ကို စွပ်ပြခဲ့ ရသတဲ့။ အဲ…နောက်နေ့ မနက်လည်း ကျရော အဲဒီဘူးစင်က ဝါးလုံး စွန်းတွေမှာ ကွန်ဒုံးတွေ အများကြီး စွပ်လျက်သား တွေ့ရတော့ သတဲ့ဗျို့ …။ ကျုပ်တို့ တော သူတောင် သားတွေများ ရိုးပြီ ဆိုရင် အဲသလို ရိုးတာ …။
ခုခေတ်မတော့ ကွန်ဒုံး ဆိုရင် ကလေး တစ်ယောက် အတွက်တောင် အဆန်း မဟုတ်တော့သလို၊ မိန်းကလေး တွေတောင် ကွန်ဒုံးလေးတွေ ဆောင်ကြတယ်လို့ သိလာ ရပါပြီ။ သို့သော် လည်းပေါ့လေ…ကွန်ဒုံး ဝေတာလည်း ဝေ… အကျိုး ရှိရှိနဲ့ အန္တရာယ်ကင်းကင်း စနစ်တကျ သုံးတတ်အောင်လည်း နည်းနည်းတော့ လမ်းညွှန်ပေးဖို့ လိုလိမ့် ဦးမယ်လို့ မောင်တောက်တီးတော့ ထင်မိတာပဲ။ ခုနကလို ဝါးလုံးမှာ စွပ်လိုက်ရုံ နဲ့ အန္တရာယ် ကင်းပြီ လို့တော့ တထစ်ချ မဆိုနိုင်ဘူး မဟုတ်လား။ ကျန်းမာရေး ပညာ ရှင်တွေ ပိုသိမှာပါလေ။ နော…။
ခုတစ်လော ရပ်တကာ လှည့်ပြီး ငါ့ကို ဘာမှတ်လို့လဲ။ အကုန် ပါးဆွဲ ရိုက်ပစ် လိုက်မယ် သိလားလို့ ကြိမ်းမောင်း တတ်သူ တချို့ရဲ့ စကားသံ ကို ကြားရပြီး လာ ပါးရိုက် လှည့်ပါ၊ ပါးရိုက် ခံဖို့ အသင့်ပါပဲလို့ ဆန္ဒ ထုတ်ဖော် ပြ သူတွေ ရဲ့ အသံပါ ကြားလိုက် ရတဲ့အခါ ရန်ဖြစ်တာ နဲ့ ပတ်သက်လို့ ကြားဖူး နားဝလေးတွေ ကို တောက်တီး နဲ့ တောက် တဲ့ တို့ ပြန်ပြီး ကြားယောင်မိပါရဲ့။
ရပ်ကွက်ထဲ မှာ လင်မယား ရန်ဖြစ်ပြီး ရပ်ကွက် လူကြီးဆီ ကို ယောက်ျားဖြစ်သူ ရောက်လာတယ်။ လူကြီးက မင်းတို့ လင်မယား ရန်ဖြစ်ကြတယ် ဆို လို့ မေးတော့ ယော က်ျားဖြစ်သူ က ဟုတ်ပါတယ်တဲ့။ ဘယ်လို ရန်ဖြစ် ကြတာလဲ မေးတဲ့အခါ ကျတော့ ယောက်ျားဖြစ်သူ က ကျွန်တော့် မိန်းမက သူ မကျေနပ် တာတွေ ကို ပြောပါ တယ် တဲ့။ မင်းက ဘာပြန်ပြောလဲ ဆိုပြီး ရပ်ကွက် လူကြီးက ထပ်မေး လိုက်တော့ ကျွန်တော် ပြောချင်လို့ မရ လိုက် ပါဘူး။ သူပြောချင်တာ ပြောလို့ အားရတော့ ပစ္စည်းတွေ ယူပြီး အိမ်ပေါ်က ဆင်း သွားတာ ပဲတဲ့။ အဲဒီ လို တစ် ဖက်သတ် ရန်ဖြစ်တာ မျိုးတွေလည်း မဟုတ်ပါစေနဲ့ လို့ ဆုတောင်း ရတာပါပဲ။
တကယ်တော့ တစ်ခုခု မကျေနပ် တာပြောမယ်၊ ဆိုမယ်၊ ဒေါသ ဖြစ်မယ် ကြံရင် တစ်၊ နှစ်၊ သုံး၊ လေး၊ တစ်ဆယ် ထိ ရေပြီးမှ စိတ်ဆိုး စရာ ရှိတာ စိတ်ဆိုးပါလို့ လူကြီးတွေ က မှာခဲ့ဖူးတယ်။
တစ်ခါက ကလေး နှစ်ယောက် ရန်ဖြစ်တဲ့အခါ အဖေ လုပ်သူက ရန်ဖြစ်တဲ့သူ့ သားကို အဲဒီလိုပဲ ဆုံးမ ဖူးတယ်။ အဲဒီအခါ သားက ”အဖေ ပြောစကား နားထောင်လို့ ကျွန်တော် အထိုးခံရတာပေါ့” လို့ ပြန်ဖြေခဲ့တယ်။ ဘာဖြစ်လို့ ထိုးလဲလို့ အဖေက မေးတဲ့အခါ သားက ”ဟိုကောင့် အဖေက သူသားကို ငါးအထိ ပဲရေရမယ်လို့ သင်ထား တာကိုး” လို့ ပြန်ဖြေတယ်။ အဲဒီလို ရန်ဖြစ်တာ မျိုးလည်း ဖြစ်နေဦး မယ်နော်။ ဘာပဲဖြစ်ဖြစ် တောက်တီးတို့ တောက်တဲ့ တို့ကတော့ ရန်မဖြစ်နဲ့၊ ပြန်ချစ် ကြလို့ ပဲ ရွှေပြည်အေးတရား ဟောပါရစေ။