မင်းဟာ ပွင့်ခါနီးနေတဲ့ အဖူးလေးပါ
ငါဟာမင်းအတွက် ဆူးလေးပါ ဘီလူးလေးပါ မရူးမကောင်းလေးပါ
မီးအကြောင်း မသိတဲ့ဖယောင်းလေးပါ မင်းကြွေရင်နေလို့မရတဲ့ အညှာလေးပါ
မင်းလွှတ်တင်လိုက်တဲ့စွန်ဟာငါ့အချစ်ပါ မင်းမှန်စာတိုက်ထားတာ ငါ့သံယောဇဉ်ကြိုးပါ
မင်းအပေါ်မိုးထားမိတာငါ့မေတ္တာပါ မင်းနောက်က အရိပ်ကငါ့သစ္စာပါ
မင်းပျံသန်းသွားတော့ အလွမ်းတွေနဲ့ ညွှတ်သွားတဲ့ အကိုင်းလေးက ငါပါ
ဆတ်ဆတ်ခါ ကြွေကျသွားတဲ့ ဝေဒနာရွက်စိမ်းလေးကငါပါ
မင်းရဲ့ တောင်ပံရိုက်ချက်မှာ ကစင့်ကလျားဖြစ်သွားတဲ့ အကြင်နာ လေညင်းလေးကငါပါ
ရေခဲရိုက်ထားတဲ့ အိပ်မက်လေးဖူးပွင့်ခွင့်ရတဲ့ညက ခြင်တစ်ကောင်ရဲ့ ချဉ်ချင်းကို
သဒ္ဓါမရှိတဲ့ လက်ကဖျတ်ခနဲ ရိုက်သတ်လိုက်မိတာ ငါ့စေတနာပါ
လေပြည်ကို ဆောင့်ဆွဲပြီး ပန်းပေါင်းစုံ အရည်ညှစ်ချလိုက်တဲ့ညက
လောင်းရိပ်အောက်ကလွတ်မြောက်လာတဲ့ တစ်ပွင့်နှစ်ပွင့်စကြယ်တွေ
ကဆုန်ပေါက်ဆင်းစေခဲ့တာ ငါ့လက်ဆောင်မွန်ပါ
ကျကွဲထားတဲ့ သက်ပြင်းတွေ စပ်ဖြဲဖြဲမျက်နှာနဲ့ အိမ်ပေါ်ပြန်တက်လာတဲ့ညက
ငပုပ်ဖမ်းထားတဲ့လလိုအမှောင်ကိုဖြဲပြီး အမောက်ထောင်ကြည့်မိတာ ငါ့အတ္တပါ
မင်းရဲ့အချစ်လက်ခုပ်ကြားမှာ တစ်စက်ခြင်း တစ်ပေါက်ခြင်း
အကြင်နာတွေ တောက်တောက် ကျလာမယ်ဆို တံခါးမရှိတဲ့ ပြတင်းမှာ
ကျကျနနချိတ်ဆွဲထားတဲ့ပုံတူ ပန်းချီတစ်ချပ်ကို
ညကညကိုညမှန်းမသိအောင် ညလုံးပေါက်ထိုင်ကြည့် ဖြစ်မယ့်ညအတွက်
စိတ္တဇဆန်စွာ ငါဟာဗျာများနေသူပါ။ ။
မုယော