Model- Sotay, Chuu Chuu
Make up - Soe Soe(KSW)
Dress for Audience - Yummy Yo
Photo - Ko Naing(Popular)
Arranged by Thida Soe
”ငါ့ဘဝရဲ့ မီးအိမ်ရှင်ပါ ငါဘဝရဲ့ ပဲ့ကိုင်ရှင်လေးပါ ”သီချင်း စာသားများကို အသက်သွင်းပြီး ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထား သူ အဆိုတော် ဆိုတေး နဲ့ တောင်ကြီးမြို့သူ ခြူးခြူး တို့ရဲ့ ပုံရိပ်တွေကို ပရိသတ်များ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပရိသတ် ရင်ထဲကို ခိုဝင်ခဲ့တာကြာပြီ ဖြစ်တဲ့ Audience of Celebrities’ Choice ကဏ္ဍလေးကို အားပေးနေကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ဧပြီလရဲ့ နှစ်သစ်ကူး သင်္ကြန်မှာ ပရိသတ်ကြီး အားလုံး ပျော်ရွှင်ချမ်းမြေ့ကြ ပါစေ လို့ ရတီ အဖွဲ့သားများ ကလည်း ဆုတောင်းပေး လိုက်ပါတယ်နော်။
ဆိုတေး – ညီမလေးက အသက်ဘယ်နှနှစ်လဲ။ကျောင်းတက်နေတုန်းပဲလား။
ခြူးခြူး – အသက် ၁၈ နှစ်ပါ။ ပထမနှစ် ဂုဏ်ထူးတန်း တက်နေတာပါ။
ဆိုတေး – အာ…ငယ်ငယ်လေး ရှိသေးတာပဲ။ အစ်ကို့ သီချင်းတွေကို နားထောင်ဖြစ်လား။ ဘယ် သီချင်းကို အကြိုက်ဆုံးလဲ။
ခြူးခြူး – ဟုတ်…နားထောင်ဖြစ်ပါတယ်။ ”အဝေး ရောက်ချစ်သူ” သီချင်းကိုတော့ အကြိုက် ဆုံးပါ။
ဆိုတေး – ဒါဆိုရင်တော့ သေချာသွားပါပြီ (ရယ်လျက်)။ ညီမလေးလည်း ရေမြေခြားပဲထင်တယ်။ ဒါဆိုရင် မေးရဦးမယ်။ သီချင်းတွေ အများကြီး ထဲကမှ ဘာလို့ အဲဒီ သီချင်းကို ကြိုက်တာ လဲ။
ခြူးခြူး – သီချင်းလေးကို ကြိုက်လို့ပါ။ ပြီးတော့ နားထောင်လို့ကောင်းပြီး လိုက်ဆိုလို့လည်း ကောင်းပါတယ်။
ဆိုတေး – အဆိုတော်ကိုကြိုက်တာလား။ သီချင်း ကို ကြိုက်တာလား။
ခြူးခြူး – သီချင်းကို ကြိုက်တာပါ (အားရပါးရ ရယ်လျက်)။ ဒါပေမဲ့ နှစ်မျိုးလုံးတော့ ကြိုက်ပါ တယ်(ရယ်လျက်)။
ဆိုတေး – ညီမလေးက အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဖြစ်နေလဲ။ ဓာတ်ပုံ ရိုက်တာကို ဝါသနာပါလား။ ဒါမှမဟုတ် အစ်ကိုနဲ့ တွဲရိုက်ချင်လို့ form တင်ဖြစ်တာ လား။
ခြူးခြူး – နှစ်ခုစလုံးပါပဲ။ အခုလောလောဆယ်တော့ ကျောင်းပဲ တက်ဖြစ်နေပါတယ်။ တောင်ကြီးမှာ တော့ အခွေလေးတွေ ရိုက်ဖြစ်ပါတယ်။
ဆိုတေး - တောင်ကြီးမှာတော့ အစ်ကို့ရဲ့ အခိုင်အမာ ပရိသတ်တွေ အများကြီးပဲ။ ဒီနှစ်ထဲမှာတော့ တောင်ကြီးမှာ နှစ်ပွဲ၊ သုံးပွဲလောက် ဆိုဖြစ်တယ်။ ပရိသတ်က အားပေး တာကိုလည်း တွေ့ရတယ် လေ။ အစ်ကို show ဆိုတာကို ညီမက ကြည့် ဖြစ်လား။
ခြူးခြူး - ဟုတ် …ကြည့်ဖြစ်ပါတယ်။
ဆိုတေး - အေး …အဲဒါကြောင့် ညီမလေးကို အစ်ကို တွေ့လိုက်တယ်။ show ပွဲပြီးတော့ ရေသန့် ဘူး လိုက်ကောက်နေတာ ညီမလေး မဟုတ်လား။
ခြူးခြူး – ဟား…ဟား …ဟား (အားလုံး ရယ် လျက်)။ အစ်ကိုလည်း ပွဲပြီးရင် ညီမလိုပဲ လိုက်ကောက်နေတာ ဟုတ်တယ် မဟုတ်လား။
ဆိုတေး - အေး…။ အတူတူ လိုက်ကောက်ကြတာပေါ့(ရယ်လျက်)။ အခု ရတီမဂ္ဂဇင်း အတွက် ရိုက်ပြီးရင် ဘာတွေ ရိုက်ဖို့ ရှိသေးလဲ။ အနုပညာနဲ့ ပတ်သက်ရင် ရန်ကုန် မှာက လုပ်ရတာ အဆင်ပြေ တယ်လေ။ အနုပညာနဲ့ ကျောင်းနဲ့ ပတ်သက်ရင် ညီမလေးက ဘာကိုရွေးချယ်မလဲ။
ခြူးခြူး – နှစ်မျိုးစလုံး လုပ်မှာပါ။ ကျောင်းစာလည်း မလွတ်အောင် အနုပညာလည်း မလွတ်အောင် လုပ်သွားမှာပါ။
ဆိုတေး - တောင်ကြီးမြို့က လူတွေက ရာသီဥတုနဲ့ အလိုက် အေးချမ်းပါတယ်။ စကားပြောတာလည်း ယဉ်ကျေးပါတယ်။ တောင်ကြီးမြို့က အစ်ကို ကြိုက် ခဲ့ရတဲ့ အဆိုတော် ကိုလေးဖြူ၊ ကိုအငဲ တို့ရဲ့ ဌာနေပေါ့နော်။ တောင်ကြီးမြို့ကို ရောက်သွားပြီ ဆိုရင် ကားပေါ်ကနေ နှင်းတွေထဲ တိုးသွားရတာကို အရမ်းပျော်တယ်။ အစ်ကို တောင်ကြီး မှာ show ဆိုရမှာ တစ်ရက်ဆိုရင် နောက်ထပ်နှစ်ရက် လောက် ပိုနေဖြစ်မယ်။
ခြူးခြူး - အစ်ကိုက တောင်ကြီးမြို့ရဲ့ ဘယ်နေရာ တွေကို ပိုကြိုက်လဲ။
ဆိုတေး - အစ်ကိုက တောင်ပေါ်ဒေသတွေကို ကြိုက်တယ်။ နှင်းတွေထဲမှာ လျှောက်သွားရတာက အိပ်မက် တစ်ခုလိုပါပဲ။ တခြား ကမ္ဘာကို ရောက်သွားသလိုပဲ။ စိတ်ကူးယဉ်တဲ့ ရင်ခုန်သံ အတွေး တစ်ခုကတော့ တောင်ကြီးရဲ့ နှင်းတောထဲမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲပြီး လျှောက်ချင်တယ် ဆိုတဲ့ အတွေးလေးကို ကားမောင်း ရင်းနဲ့ တွေး ဖြစ်တယ်။
ခြူးခြူး - အစ်ကိုရဲ့ အနုပညာနဲ့ပတ်သက်ပြီး အခု လက်ရှိမှာ လုပ်ဖြစ်နေတာတွေက…
ဆိုတေး - ”မင်္ဂလာပါ ဆိုတေး” ဒုတိယအခွေ အတွက် recording လုပ်နေပါတယ်။ ပထမ အခွေက ကိုယ်ထင်ထားတာထက်ကို ပရိသတ် အားပေးခဲ့တဲ့ အတွက် မမျှော် လင့်ထား တဲ့အရာ တစ်ခုကို ရခဲ့တာပေါ့နော်။ ဒုတိယစီးရီးက အစ်ကို့ အတွက် အသက် ဆက်မယ့် ခြေလှမ်းတစ်ခု ပါ။ သီချင်းတွေကို ထုတ်လိုက်၊ သွင်းလိုက်၊ တီး လိုက်၊ ဆိုလိုက်နဲ့ လုပ်နေတာ တစ်လလောက် ရှိပြီ။ အခုထိကို စိတ်တိုင်းမကျ သေးဘူး။ ခေတ်ရေ စီးကြောင်းအရ သီချင်းအေး ကြိုက်တဲ့လူနဲ့ သီချင်း မြူးကြိုက်တဲ့ လူမတူဘူးလေ။ ခေတ်ရေစီး ကြောင်းကို ငြင်းဆန်လို့မရဘူး။ ကိုယ့်ရဲ့ဝါသနာ ကို ငြင်းဆန်လို့ မရဘူး။ ကိုယ့်ရဲ့ အကြိုက်ကို ငြင်းဆန်လို့မရဘူး။ ပရိသတ် အကြိုက်ကို လည်း ငြင်း ဆန်လို့ မရဘူးလေ။ အစ်ကိုဘယ်လောက်ပဲ ကြိုးစားကြိုးစား ကံရှိမှ ရမှာလေ။ ၅ လပိုင်း ၆ ရက်နေ့ မှာ အစ်ကို့ရဲ့ မွေးနေ့ ရှိတယ်။ တစ်နှစ်ပြီး တစ်နှစ်အား ခဲထားတာ ဒီနှစ်တော့ လုပ်ဖြစ် အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ မနှစ်ကတော့ အစ်ကို့ရဲ့ အဘိုး ဆုံးသွားတာ ရက်လည်က အစ်ကို့ရဲ့ မွေးနေ့နဲ့ တိုက်နေ တော့ ခွေ မထွက်ဖြစ်ခဲ့ဘူး။ အရေးပိုင်းမှာတော့ အစ်ကိုပဲ ရေးထားပါတယ်။ အခွေက မထွက်ခင်မှာ စိတ်ကြိုက်ပြင်ဆင် လို့ ရတယ်လေ။ ဥပမာ အခု လို ဓာတ်ပုံရိုက်ပြီး ပုံတွေ ပြန် ကြည့်မှ ”ငါ … ဒီလိုလေး လုပ်လိုက်ရင် ကောင်းမယ်” ဆိုပြီး တွေးမိတာတွေ ရှိတယ်။ ဒါပေမဲ့ ပြန်ရိုက်လို့ မရတော့ဘူးလေ။ အဲဒီ သဘောပါပဲ။ ဘုရား၊ တရား အလုပ်တွေ လည်း အများကြီး လုပ်ရတယ်။
ခြူးခြူး – အစ်ကိုက အခုလောလောဆယ်မှာ နယ် ထွက်တာ များနေတာပေါ့နော်။
ဆိုတေး - ဆောင်းတွင်းကတော့ ကလော၊ လွိုင် ကော်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ သထုံမြို့တွေကို သီချင်းသွားဆို ဖြစ်တယ်။ အဲဒီမှာ အစ်ကို့ကို အားပေးတဲ့ ပရိသတ် တော်တော်များများ တွေ့ရပါတယ်။ အစ်ကို သီချင်း ဘယ်နှပုဒ်ပဲ ဆိုရဆိုရ အစ်ကို လိုချင်တာက ပရိသတ်ဆီက အား ပေးမှုပါ။ ညီမလေးလည်း အခုဓာတ်ပုံ ရိုက်ပြီး စာအုပ်မှာ ပါလာရင် သူငယ်ချင်းတွေက ”ခြူးခြူးရေ နင့် ပုံလေးတွေက လှတယ်” ဆိုပြီးပြော ရင် ဒါဟာ ညီမလေးကို တွန်းအား တစ်ခု ပေးတာပဲလေ။ အဲဒီတော့ အနုပညာနဲ့ ပတ်သက်ရင် ဆက်ကြိုးစားပါ။ အစ်ကို့ကို မေးချင်တာတွေ ရှိရင် မေးဦး လေ။
ခြူးခြူး - အရင်တုန်းက ပိန်ပိန်လေး အခုဘယ်လို ဝလာတာလဲဟင်
ဆိုတေး - အရင်က Audio မထွက်တော့ အိမ်က ထမင်းမကျွေးဘူး (အားလုံးရယ်လျက်)။ အရင်တုန်းက အစ်ကိုက တစ်ယောက်တည်း လုပ်ရတာ ဆိုတော့ ပင်ပန်း တယ်လေ။ အိပ်ချိန်၊ စားချိန် မမှန်ဘူးပေါ့။ အခု VCD ထွက်သွား ပြီးတော့မှ အိပ်ချိန်၊ စားချိန်နဲ့ အလုပ် သပ်သပ်စီ ခွဲလာတယ်။ အောင်မြင်မှုနဲ့ အတူတူ ပရိသတ်တွေနဲ့ ရင်းရင်း နှီးနှီး ရှိလာတော့ စိတ်ချမ်းသာလာတယ်။ ပိန် တာ၊ ဝတာက စိတ်နဲ့ အစားအသောက်နဲ့ ဆိုင်ပါလိမ့်မယ်။ အရင်တုန်းက ထမင်းက တစ်ပန်းကန် ကို တစ် ဝက်တောင် မစားဘူး။ အခုကျတော့ ၅ ပန်းကန်လောက် စားဖြစ်တယ်(ရယ်လျက်)။
ခြူးခြူး – အခုတော့ အိမ်က ထမင်းကျွေးပြီးပေါ့ နော်။
ဆိုတေး - အေး …ကျွေးပြီပေါ့နော်။
ခြူးခြူး -တောင်ကြီးကို ဘယ်တော့လောက် လာ ဖြစ်ဦးမလဲ။
ဆိုတေး - လာချင်တာပေါ့ ညီမရယ်။ ဒီနေရာမှာဆို ဖို့ ပရိသတ် ရှိရင်တောင် အစ်ကိုတို့ကို ငှားတဲ့သူ၊ ခေါ်တဲ့သူရှိမှ ဆိုလို့ရမှာလေ။
ခြူးခြူး -အစ်ကိုရဲ့ ပထမအခွေထဲက သီချင်းတွေ က ခံစားချက် အစစ်အမှန်တွေလား။
ဆိုတေး – ဒါပေါ့ ညီမလေးရဲ့..။ အတွေးမရှိဘဲ သီချင်းရေးလို့ မရဘူး။ ခံစားချက် မရှိဘဲ သီချင်း ရေးလို့မရဘူးလေ။ ခံစားချက် မရှိရင်တောင် အလွမ်း ဓာတ်လေး ရှိမှ အဆင်ပြေ တာလေ။ ညီမ လေး ကြိုက်တဲ့ ”အဝေးရောက်ချစ်သူ” ဆိုရင် လည်း တိုက်ဆိုင်မှု အချို့အနည်းငယ် ရှိတယ်။ နယ်မှာ ”မီးအိမ်ရှင်” ပေါက်ပေမယ့် သီချင်းတောင်း ရင် ”အဝေးရောက်ချစ်သူ” ကို တောင်းတာများ တယ်။
ခြူးခြူး – ”မင်္ဂလာပါ ဆိုတေး” အခွေရော သီချင်း အဆွေးလေးတွေပါလား။
ဆိုတေး - ”မင်္ဂလာပါ ဆိုတေး”မှာ ၁ဝ ပုဒ် လောက်ပဲ ထည့်ဖို့ စီစဉ်ထားတယ်။ ဒီအခွေကို အစ်ကို အလေးအနက် ထားပြီး လုပ်နေပါတယ်။ ပရိသတ်က အစ်ကို့ရဲ့ ထမင်းရှင် ဆိုတော့ နံပါတ် တစ်က ပရိသတ်ပါပဲ။ အနုပညာမှာ နေရာတစ်ခု ရဖို့ဆိုတာ ကံလည်း လိုတယ်လေ။ အစ်ကိုတို့ ဗုဒ္ဓဘာသာ အယူအဆ အရ လူအားလုံးက သူ့ ကုသိုလ် ကံနဲ့ သူပဲလေ။ အစ်ကိုဆိုရင် ရှိတဲ့ အသိုင်းအဝိုင်းက မဟုတ်ပါဘူး။ အစ်ကို သီချင်း လေးတွေက ထီသည်က တစ်ဆင့်၊ အင်တာနက် က တစ်ဆင့် ပေါက် သွားတော့ အဖေ၊ အမေက ပီတိကို စားတာပေါ့နော်။ အပုဒ်တိုင်းကို အစ်ကို ခံစားချက်နဲ့ ဆိုတယ်။ ပရိသတ်ကို မလိမ်မညာ ဘူး။ ပရိသတ်ကို လိမ်ညာပြီးမှ စားရတဲ့ ထမင်း ကို လည်း အစ်ကိုမျိုမကျဘူး။ ညီမလေးအခု ရတီ မဂ္ဂဇင်း အတွက် အစ်ကိုနဲ့ ဓာတ်ပုံ တွဲရိုက် တာက ပထမဆုံးလား တခြား ဘယ်မှာ ရိုက်ထားတွေရှိ သေးလဲ။
ခြူးခြူး – တခြားတွေတော့ မရှိသေးပါဘူး။ တစ် ယောက်တည်း ရိုက်ထားတာတွေပဲ ရှိပါတယ်။
ဆိုတေး - ညီမလေး အားကျရတဲ့ အနုပညာတွေက ဘယ်သူတွေလဲ။
ခြူးခြူး – မအိန္ဒြာကျော်ဇင်နဲ့ မဝတ်မှုံရွှေရည်ကို ကြိုက်တယ်။
ဆိုတေး – ညီမလေး ကြိုက်တဲ့ အနုပညာရှင်တွေက အစ်ကို အားပေးရတဲ့ အနုပညာရှင်ထဲမှာ ပါပါ တယ်။ မအူဝဲရဲ့ ဖက်ရှင်နဲ့ အိုက်တင်ပိုင်း တွေကို ပရိသတ်တွေက ကြိုက်ကြတယ်နော်။ ဝတ်မှုံရွှေ ရည်လည်း တစ်နိုင်ငံလုံး လက်ခံတဲ့ အနုပညာရှင်ပဲ လေ။ ညီမလေးက သင်္ကြန်ကို ဘယ်လို ဖြတ်သန်း ဖြစ်တာများလဲ။
ခြူးခြူး – သင်္ကြန် ဆိုရင် အိမ်မှာ ရေပက်တယ်၊ ကလေးငယ်ငယ်လေးတွေနဲ့ ကစားတယ်။ လည်ရင်တော့ ဆိုင်ကယ်နဲ့ တစ်ပတ်လောက် လည်ပြီး ရင် ချမ်းလာ တယ်။ တောင်ကြီးမြို့က အေးတယ် လေ။ အစ်ကိုရော သင်္ကြန်မှာဘယ်မှာရှိနေမှာ လဲ။
ဆိုတေး - မနှစ်ကတော့ Skynet မှာ ဖျော်ဖြေတယ်။ ငယ်ငယ်တုန်းကတော့ ကဲဖြစ်တာပေါ့နော်။ အခု နောက်ပိုင်း ကျတော့ ဖျော်ဖြေရေး သာမရှိရင် အိမ်မှာပဲ နေဖြစ် မှာပါ။ ဒီနှစ်မှာတော့ ရန်ကုန် ပြည်လမ်းမှာရှိမှာပါ။
အခုလို အပြန်အလှန်ပြောပြီးတဲ့ နောက်မှာတော့ Celebrity ဆိုတေးနဲ့ Audience ခြူးခြူးတို့ ရဲ့ ဒီကဏ္ဍအပေါ် အမြင်လေးကို အခုလို ပြောပြခဲ့ ပါတယ်။
ဆိုတေး - ဒီကဏ္ဍလေးက ကောင်းပါတယ်။ ကျွန်တော့်လို အနုပညာရှင် တစ်ဦးနဲ့ ပရိသတ်နဲ့ အပြန်အလှန် ပြောရတဲ့ အတွက် ရတီ မဂ္ဂဇင်းကို ဖတ်ရှုတဲ့ ပရိသတ်တွေ အနေ နဲ့ အခြားသော အတွေ့အကြုံလေးတွေကို သိရတာပေါ့နော်။ မရွေးဖြစ်တဲ့ ပရိသတ်တွေ အနေနဲ့ နောက်ထပ် အနုပညာရှင်တွေ ရှိတာကြောင့် အားမလျှော့ပါနဲ့ လို့ပြောချင်ပါတယ်။
ခြူးခြူး -ဒီလိုကဏ္ဍလေး လုပ်ပေးထားတော့ ညီမ တို့လို အနုပညာရှင်နဲ့ တွေ့ချင်တဲ့ ဝါသနာရှင်တွေ အတွက် အခွင့်အရေး တစ်ခုပါပဲ။ ညီမကို ရွေးတယ် ဆိုပြီး ဖုန်း ဆက်တော့ အရမ်းပျော်ပါတယ်။ လူတွေ အများကြီးထဲကနေမှ အရွေးခံရမယ်လို့ မမျှော်လင့်မိပါဘူး။ တွဲရိုက်ရတာကို အခက်အခဲ မရှိအောင် အစ်ကို ဆိုတေးက ကူညီပေးပါတယ်။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်နဲ့ တွဲရိုက်ရပြီး မဂ္ဂဇင်းကနေ အစစ အရာရာ ကူညီပံ့ပိုးပေးခဲ့တာ ကို ကျေးဇူးတင်ပါတယ်။ အခုလို အင်တာဗျူး အပြန် အလှန် လုပ်ရတာကို ပျော်ပါတယ် အစ်မ (ရယ်လျက်)။
ဒီလအတွက် ကဏ္ဍလေးကို ပံ့ပိုးပေးခဲ့သူ
ဓာတ်ပုံ ကိုနိုင် (ပေါ်ပြူလာ)၊ မိတ်ကပ် စိုးစိုး၊ Yummy Yo Fashion ဆိုင်တို့ကို အထူးကျေးဇူးတင်ပါတယ်။ နောက်လတွေ မှာလည်း ရတီ စာမျက်နှာထက် ကို ရောက်ရှိ လာမယ့် ပရိသတ်ကို စောင့်ကြည့်ကြ ရအောင်လား ရှင်။ ။
သီတာစိုး